CNI International News

ကိယက်ဗ်၊ မတ်လ ၂၄

ယူကရိန်းနိုင်ငံတွင် ရက်သတ္တ ၄ ပတ်ကြာ စစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့ဝင် ၇,၀၀၀ မှ ၁၅,၀၀၀ အတွင်း အသေအပျောက် ရှိခဲ့ ကြောင်း မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)က မတ်လ ၂၃ ရက်၌ ခန့်မှန်းပြောကြားခဲ့ကြောင်း အေပီသတင်းမှ ရေးသားဖော်ပြသည်။

ယူကရိန်းမှ ခုခံကာကွယ်နေသူများသည် မော်စကို၏ အလျင်အမြန် အောင်ပွဲခံနိုင်ရေး မျှော်မှန်းချက်ကို ကြံ့ကြံ့ခံ တွန်းလှန် နေဆဲဖြစ်ကြောင်း အေပီက ဆက်လက် ရေးသားဖော်ပြသည်။

အဆိုပါ တပ်ဖွဲ့ဝင် ၁၅,၀၀၀ ဆုံးရှုံးမှုသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ၁၀ နှစ်တာကာလ ရုရှား အသေအပျောက်နှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် တူညီနေသည်။
နေတိုးမဟာမိတ်အဖွဲ့၏ ယခုခန့်မှန်းချက်သည် ယူကရိန်းအာဏာပိုင်များထံမှ ရသော သတင်းအချက်လက်များ၊ ရုရှားက ရည်ရွယ်ချက်ရှိရှိဖြင့် မထုတ်ပြန်ဘဲ ဖုံးကွယ်ထားသည့် ထောက်လှမ်းရေး သတင်းများနှင့် လွတ်လပ် ပွင့်လင်းသော သတင်း ရင်းမြစ်များအပေါ် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်ဟု နေတိုးစစ်ဘက် အကြီးတန်းအရာရှိတစ်ဦးက အေပီ သတင်း ဌာနသို့ ပြောသည်။

သို့သော် ၎င်းအမည်ကိုမူ နေတိုးအဖွဲ့စည်းမျဉ်းအရ ထုတ်ဖော်ပိုင်ခွင့် မရှိပေ။

     ယူကရိန်-နေတိုး (GETTY IMAGES)

ယူကရိန်းဘက်မှ ဆုံးရှုံးမှုနှင့်ပတ်သက်၍လည်း သတင်းအချက်အလက် အနည်းငယ်ကိုသာ ဇာလန်းစကီး အစိုးရက ထုတ်ပြန် ခဲ့ပြီး အနောက်အုပ်စုက ခန့်မှန်းချက် မပေးပေ။ သို့သော် ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်နီးပါးက ယူကရိန်းတပ်ဖွဲ့ဝင် ၁၃,၀၀၀ ခန့် ကျဆုံးကြောင်း ဇာလန်းစကီး ပြောကြားခဲ့ပြီး ဖြစ်သည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံး ထိုးစစ်တစ်ခု ရုရှားက စတင်ခဲ့ရာ ယူကရိန်းအစိုးရကို အလျင်အမြန် ဖြုတ်ချနိုင်မည်ဟု တွက်ဆခဲ့သည်။ သို့သော် မတ်လ ၂၃ ရက်အထိ တစ်လနီးပါးကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မော်စကိုသည် ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုထဲတွင် ရှေ့မတိုးသာ၊ နောက်မဆုတ်သာ နစ်မျောသွားခဲ့သည်။

ထိုအတောအတွင်း ယူကရိန်းသမ္မတ ဇာလန်းစကီးသည် ၎င်းနိုင်ငံအတွက် စစ်ရေးအကူအညီများ ရှာဖွေခဲ့ရာ နိုင်ငံတချို့၏ လွှတ်တော်များသို့ သီးသန့် ဗွီဒီယိုဖိုင်များပေးပို့၍ မိန့်ခွန်းများ ဆက်တိုက် ပြောကြားနေခြင်းဖြင့် ကမ္ဘာ့အာရုံစိုက်မှု ရနေခဲ့ သည်။

ဇာလန်းစကီးကိုတွေ့ရစဉ်(AP)

စစ်ပွဲ တစ်လပြည့်သည့်နေ့တွင် ကမ္ဘာတဝန်းမှ ပြည်သူများ ယူကရိန်းကို ထောက်ခံကြောင်း ပြသကြရန် တိုက်တွန်းကြောင်း နှင့် စစ်ပွဲသည် ကမ္ဘာပေါ်ရှိ လွတ်လပ်သူတိုင်း၏ နှလုံးကို ရိုက်ချိုးနေကြောင်း ဇာလန်းစကီးက ပြောသည်။

ထို့ပြင် ရုရှားနိုင်ငံသားများအနေဖြင့် စစ်ပွဲအတွက် အခွန်မပေးကြရန်နှင့် ရုရှားအစိုးရကို ကျောခိုင်းကြရန် ဇာလန်းစကီးက ရုရှားဘာသာစကားဖြင့် တောင်းဆိုခဲ့သည်။

လက်တွေ့အားဖြင့် ရုရှားပြည်တွင်း၌ စစ်ဆန့်ကျင်ရေးဆန္ဒပြသူ ထောင်နှင့်ချီ၍ ဖမ်းဆီးခံရခြင်း၊ မီဒီယာဖိနှိပ်ခြင်း အပါအဝင် အစိုးရနှင့် သဘောထား မတူသူတချို့မှာ နှိမ်နင်းခံရမည့်အရေး စိုးရိမ်၍ ရုရှားနိုင်ငံအတွင်းမှ သောင်းဂဏန်းမျှ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

မတ်လ ၂၄ ရက်တွင် နေတိုးအဖွဲ့ဝင် နိုင်ငံများနှင့် ဗွီဒီယိုခေါ်ဆိုမှုဖြင့် ဆွေးနွေးရန်ရှိသည့် ဇာလန်းစကီးက ရုရှားကျူးကျော်မှု ကို ကာကွယ်တွန်းလှန်ရန်အတွက် မည်သည့်လက်နက်မဆို ယူကရိန်းထံသို့ ထိထိရောက်ရောက်နှင့် အကန့်အသတ်မရှိ ပံ့ပိုး ပါရန် နေတိုးကို တိုက်တွန်းထားသည်။

ယူကရိန်းတပ်သားကိုတွေ့ရစဉ်(AP)

အနောက်အုပ်စုမှ ပံ့ပိုးသော လက်နက်များ တပ်ဆင်ထားသည့် ယူကရိန်းတပ်ဖွဲ့များနှင့် မြေပြင်၌ ရင်ဆိုင်နေရသည့် ရုရှား တပ်များသည် ဆီးရီးယားနှင့် ချေချင်းညှာတို့တွင် အပျက်အစီးနည်းပါးအောင် တိုက်ခိုက်ရာတွင် သုံးခဲ့သော နည်းဗျူဟာကို တဖန်ကျင့်သုံးနေပြီး အဝေးမှနေ၍ ပစ်မှတ်များကို ချေမှုန်းလျက်ရှိသည်။ သို့သော် ရုရှားတပ်များသည် ယူကရိန်းစစ်မြေပြင်၌ အရှိန်နှေးကွေးခြင်း (သို့မဟုတ်) ရပ်တန့်ရခြင်းများ ကြုံနေရသည်။

ရုရှားမြေပြင်တပ်များသည် မြို့တော်ကိယက်ဗ်၏ အပြင်ဘက် ၁၅ ကီလိုမီတာမှ မီတာ ၂၀ (၉ မိုင်မှ ၁၂ မိုင်ကြား) အကွာ အဝေးတွင် ကတုတ်ကျင်းများ တူးဖော်ပြီး ခံစစ်နေရာ ချထားပုံရကြောင်း အမေရိကန် ကာကွယ်ရေး အကြီးတန်းအရာရှိ တစ်ဦးက မတ်လ ၂၃ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။

ကိယက်ဗ်မြို့တော်အတွင်း ရုရှားတပ်များ ဝင်ရန် ကြိုးစားနေခြင်း မတွေ့ရတော့ကြောင်းနှင့် ကိယက်မြို့ အရှေ့ဘက်တွင် ယူကရိန်းတပ်များက ရုရှားတပ်များကို တိုက်ထုတ်နိုင်ခဲ့ကြောင်း စစ်ရေးသုံးသပ်သည့် အမည်မဖော်လိုသူ အမေရိကန် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

Source: AP