CNI International News

နယူးယောက်၊ နိုဝင်ဘာ ၁၉

ယူကရိန်းအစိုးရသည် ရုရှားနှင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) တို့အကြား ထိပ်တိုက်ရင်ဆိုင် တွေ့ စေရန် ကြိုးပမ်းနေသည်ဟု နယူးယောက်မြို့ရှိ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အနာတိုလီအန်တိုနော့ဗ် (Anatoly Antonov) က နယူးစ်ဝိခ်မီဒီယာသို့ သဘောထား မှတ်ချက်ပေးခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသား ဖော်ပြသည်။

“ယူကရိန်းက စစ်ရေးအကူအညီတွေ ပိုပေးဖို့ ဝါရှင်တန်ကို တောင်းဆိုရုံတင် မကပါဘူး။ ရုရှားဖက်ဒရေးရှင်းနဲ့ နေတိုးတို့အကြား စစ်ရေးအရ တိုက်ရိုက် မကျေမလည် ဖြစ်စေဖို့ နှိုးဆွနေပါတယ်” ဟု ရုရှားသံအမတ် အန်တိုနော့ဗ်၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်ရှိ ရုရှားသံရုံးကလည်း သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံ၌ အရာရာတိုင်း ပြောင်းလဲသွားစေရန် အနောက်အုပ်စု၏ အဓိပ္ပါယ်မဲ့ ကြိုးပမ်းမှုများအတွက် ခွင့်ပြုချက် ရနေပြီဟု တွေးထင်နေသော ယူကရိန်းအစိုးရသည် အနှောင့်အယှက် ပေးလာနိုင်ကြောင်း သံအမတ် အန်တိုနော့ဗ် က ဆက်လက် ပြောကြားခဲ့သည်။

ပိုလန်သမ္မတ အန်ဒရီညက်ဒူဘာကိုတွေ့ရစဉ် (GETTY IMAGES)

နိုဝင်ဘာ ၁၅ ရက်တွင် ပိုလန်နိုင်ငံ၏ အရှေ့ပိုင်း လူဘလင်ဗွိုင်ဗိုရှစ် (Lublin Voivodeship) ဒေသရှိ ပရိုက်ဇ်ဝိုဒိုး (Przewodow) ကျေးရွာတွင် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦး သေဆုံးခဲ့သည်။

အဆိုပါ ဒုံးကျည်သည် ယူကရိန်းလေကြောင်း ကာကွယ်ရေးစနစ်၏ တစိတ်တပိုင်းဖြစ်ကြောင်း ပိုလန်သမ္မတ အန်ဒရီညက်ဒူဘာက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပိုလန်၏ တိကျသည့် ကောက်ချက်ချမှုအပေါ် အမေရိကန်က ယုံကြည်မှု အပြည့်အဝရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းအစိုးရ၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး ဆိုးရွားသော ရန်စမှုများဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်ကို ယူကရိန်း S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အခိုင်အမာ ပြောကြားထားသည်။

Source: တာ့စ်သတင်းဌာန