CNI International News

ဘရပ်ဆဲလ်၊ ဧပြီ ၄

နေတိုးအဖွဲ့၏ ရုံးချုပ်အပြင်ဘက်တွင် အင်္ဂါနေ့ မွန်းလွဲပိုင်း၌ ဖင်လန်၏ အပြာနှင့်အဖြူရောင်အလံ လွှင့်ထူထား သောကြောင့် ဖင်လန်သည် နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်လာပြီး ရုရှားနှင့်နေတိုး အဖွဲ့တို့၏ နယ်နိမိတ်ချင်း ထိစပ်မှုသည်လည်း နှစ်ဆမြင့်တက်လာကြောင်း အေပီက ဖော်ပြခဲ့သည်။

ထိုအခြေအနေက ရုရှားသမ္မတ ပူတင်အတွက် မဟာဗျူဟာရေးနှင့် နိုင်ငံရေး ထိုးနှက်ချက် တစ်ခုလည်း ဖြစ်ခဲ့သည်။

ပူတင်သည် ရုရှားကို ဦးတည်ကာ နေတိုးအဖွဲ့ အင်အား မြင့်တက်လာမှုကို ကာလရှည် ဝေဖန်ခဲ့သူဖြစ်ကာ သူ၏ ယူကရိန်းသို့ ကျူးကျော်မှုတွင်လည်း ထိုအချက်ကို အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုခဲ့သူ ဖြစ်သည်။

ပူတင်သည် နေတိုးအဖွဲ့ အင်အားနည်းပါးစေရန် ရည်ရွယ်ချက်ဖြင့် ယူကရိန်းကို ကျူးကျော်ခဲ့သော်လည်း ဆန့်ကျင်ဘက် အခြေအနေကိုသာ ဖြစ်စေသည်ဟုမြင်ကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျိန်းစ် စတိုတန်ဘာ့ဂျ် (Jens Stoltenberg) က ပြောသည်။

နေတိုးအဖွဲ့ဝင် ဖြစ်လာခြင်းကြောင့် ဖင်လန်သည် တစ်စုံတစ်ဦးကို တိုက်ခိုက်ခြင်းက တစ်ဖွဲ့လုံးကို တိုက်ခိုက်ခြင်း ဆိုသည့် စုပေါင်းလုံခြုံရေး အာမခံချက်ကို ရရှိမည်ဖြစ်သည်။

နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျိန်းစ် စတိုတန်ဘာ့ဂျ်ကိုတွေ့ရစဉ်

ဖင်လန်သို့ တပ်ဖွဲ့ဝင်အင်အား ချက်ချင်းဖြန့်ကျက်သွားရန် အစီအစဉ်မရှိဟု နေတိုးက ပြောသော်လည်း အဖွဲ့ဝင် နိုင်ငံတချို့သည် တပ်ဖွဲ့များ စေလွှတ်ထားခဲ့ပြီး ဖြစ်သည်။

၃၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ဖင်လန်တွင် နေတိုး၏ တပ်ဖွဲ့ဝင်နှင့် လက်နက်အင်အား ထပ်မံတိုးချဲ့မည်ဆိုလျှင် ဖင်လန်နှင့် နယ်စပ်အနီးမှ ရုရုားတပ်ဖွဲ့ဝင်အင်အားကို မြှင့်တင်သွားမည်ဟု ရုရှားဘက်က သတိပေးသည်။

ဖင်လန်သည် အေးခဲနေသော ရာသီဥတုတွင် စစ်ဆင်ရေး ဆောင်ရွက်နိုင်သည့် အထူးတပ်ဖွဲ့များအပြင် လေ့ကျင့်သား ပြည့်ဝသော တပ်အင်အားများစွာကို ပိုင်ဆိုင်ထားသည်။

ဖင်လန်စစ်တပ်တွင် အရန်တပ်ဖွဲ့ဝင် အင်အားများစွာ ရှိရုံမက ယင်းသည် အမေရိကန်၏ F-35 ဂျက်တိုက်လေ ယာဉ်များအပြင် စစ်လက်နက်များစွာကိုလည်း ရင်းနှီးမြှုပ်နှံထားသည်။

ဖင်လန်၏ တရားဝင် အဖွဲ့ဝင်ဖြစ်ရေး အခမ်းအနား မကျင်းပမီတွင် ဖင်လန်၏အလံကို ပြင်သစ်နှင့် အက်စ်တိုးနီးယားအလံ နှစ်ခုကြားတွင် လွှင့်ထူထားသည်။

ပူတင်ကိုတွေ့ရစဉ်

ထိုအခြေအနေက နေတိုးအဖွဲ့၏ မကြာသေးခင် သမိုင်းတစ်လျှောက် အဖွဲ့ဝင်အဖြစ် အမြန်ဆုံး လက်ခံမှု အခမ်းအနားလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုကြောင့် ဖင်လန်သည် နေတိုးအဖွဲ့တွင်းသို့ ဝင်ရောက်ရန် ၂၀၂၂ ခုနှစ်၊ မေလတွင် လျှောက်လွှာတင်ခဲ့သည်။

ဆွီဒင်နှင့်အတူ ကြိုးပမ်းခဲ့ခြင်း ဖြစ်သော်လည်း ဆွီဒင်၏ အဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ်သည် ပိုမိုကြာမြင့်ဖွယ် ရှိနေ သည်။

ဖင်လန်အဖွဲ့ဝင် ဖြစ်လာခြင်းက ဖင်လန်၏ လုံခြုံရေးအတွက် သာမက နောဒစ် (Nordic) ဒေသလုံခြုံရေးနှင့် နေတိုးအဖွဲ့တစ်ခုလုံးအတွက် ကောင်းမွန်သော နေ့တစ်နေ့ဖြစ်သည်ဟု နေတိုးအတွင်းရေးမှူးက ပြောသည်။

ဖင်လန်သည် ရုရှားနှင့် နယ်နိမိတ် ၁၃၄၀ ကီလိုမီတာ ထိစပ်လျက်ရှိကာ တခြား နေတိုးအဖွဲ့ဝင်များနှင့် မတူခြင်းက ဖင်လန်သည် စစ်အေးတိုက်ပွဲ အပြီးတွင် ကာကွယ်ရေး အသုံးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို မရပ်တန့်ခဲ့ခြင်း ဖြစ်သည်။

Source: AP