CNI International News

မနီလာ၊ ဧပြီ ၄

စစ်ဘက်ပူးပေါင်းမှုကို မြှင့်တင်ပေးမည့် ကာကွယ်ရေးသဘောတူညီချက်တစ်ခုအရ အမေရိကန်တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲနိုင်သည့် စစ်စခန်းအသစ်လေးခုကို ဖိလစ်ပိုင်သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

စစ်စခန်းအသစ်များတွင် အမေရိကန်တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲရန် ခွင့်ပြုခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၄ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက် (EDCA) အရ အစောပိုင်းတွင် သတ်မှတ်ထားသည့် ဒေသတွင်း စစ်စခန်းငါးခုမှ အရေအတွက် တိုးမြှင့်လာခြင်းဖြစ်သည်။

သို့သော် ဒေသခံအရာရှိများနှင့် ဆွေးနွေးမှုလုပ်ဆောင်နေရခြင်းကြောင့် စစ်စခန်းအသစ်များ၏ တည်နေရာကို တနင်္လာနေ့မတိုင်ခင်အထိ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပေ။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr) ၏ ပြန်ကြားရေးရုံးမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်စခန်းအသစ်လေးခု သည် လူဇွန် (Luzon) ကျွန်းပေါ်ရှိ အစ္စဘယ်လာ(Isabela)၊ကာဂါယန် (Cagayan)နှင့် ပါလာဝမ်(Palawan)တို့ ဖြစ်သည်ဟု ယင်းတွင် ဖော်ပြသည်။

လူဇွန်ကျွန်းသည် ထိုင်ဝမ်၏ မြောက်ဘက်တွင်ရှိကာ ပါလာဝမ်သည် အငြင်းပွားနေသော စပါတလေ ကျွန်းစုများ (Spratly) အနီးတွင် ရှိသည်။ ထိုစခန်းများသို့ ဖိလစ်ပိုင်တပ်ဖွဲ့များလည်း ဝင်ရောက်ခွင့်ရှိကာ ယင်းတို့က တည်ငြိမ်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို ရှိစေလိမ့်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က ဖိလစ်ပိုင်မြောက်ပိုင်း၊ Nueva Ecija ပြည်နယ် Laur တွင် Salaknib ဟုခေါ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ဖိလစ်ပိုင်စစ်တပ် အမြောက်တပ်ရင်းမှူးနှင့် အမေရိကန် စစ်သားတစ်ဦးတို့ အပြန်အလှန်အလေးပြုနေကြစဉ်(ဓါတ်ပုံ-အေပီ)

အဆိုပါစခန်းများကို သဘာဝဘေးအန္တရာယ် ကျရောက်စဉ်အတွင်း လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက်သာ အသုံးပြုသွားမည်ဟုလည်း သိရသည်။ ဖိလစ်ပိုင်သမ္မတရုံး ထုတ်ပြန်ချက်ကို အမေရိကန်အရာရှိများဘက်ကလည်း အတည်ပြုပေးသည်ဟု AFP သတင်းတွင် ဖော်ပြသည်။

ယခုကဲ့သို့ တပ်ဖွဲ့ဝင်အင်အားတိုးချဲ့ခြင်းသည် တရုတ်၏ ထိုင်ဝမ်ကိုသာမက တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်ကြောင်း ထုတ်ဖော်ပြောဆိုမှု မြင့်တက်လာချိန်တွင် ပေါ်ပေါက်လာသည်။ ကမ္ဘာလုံးဆိုင်ရာ ပင်မကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ကြောင်း ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ထိုင်ဝမ်တို့ဘက်ကလည်း အသီးသီးကြေညာထားသည်။

EDCA စစ်စခန်းအဖြစ် ရွေးချယ်ခံရခြင်းကြောင့် ပြည်နယ်အတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ လျော့နည်း လာမည်နှင့် ထိုင်ဝမ်ကို တိုက်ခဲ့လျှင် ပစ်မှတ်တစ်ခုဖြစ်လာမည်ကို စိုးရိမ်မိသည်ဟု ကာဂါယန် အုပ်ချုပ်ရေးမှူး မန်နျူရယ် မမ်ဘာ (Manuel Mamba) က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် အစိုးရက စစ်စခန်း အသစ်နေရာများ ကို ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း မမ်ဘာသည်ပင် ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

သဘောတူညီချက်အရ အမေရိကန်တပ်ဖွဲ့များအနေဖြင့် တပ်စခန်းများကို လှည့်လည်တပ်စွဲခြင်း၊ ယင်းတို့တွင် ကာကွယ်ရေးနှင့်စစ်လက်နက်ပစ္စည်းများ သိုလှောင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

Source:Aljazeera