CNI International News

ဆူဘစ်ပင်လယ်အော်၊ ဖေဖော်ဝါရီ ၉

တစ်ချိန်က အမေရိကန်နိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံခြားရေတပ် စစ်စခန်းဖြစ်ခဲ့ဖူးသော ဖိလစ်ပိုင် မြောက်ပိုင်း ဆူဘစ်ပင်လယ်အော် (Subic Bay) ရှိ စစ်စခန်းသည် မကြာခင်အချိန်တွင် ပြန်လည် အသက်ဝင် လာတော့မည်ဟု အေပီသတင်းမှာ ဖော်ပြထားသည်။
စစ်စခန်းကြီးများကို ပိတ်ခဲ့ပြီး နှစ် ၃၀ ကျော်အကြာတွင် အမေရိကန်သည် ဖိလစ်ပိုင်ရှိ ၎င်းတို့၏စစ်တပ် အင်အား ကို ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်လျက်ရှိသည်။

တရုတ်၏ အင်အားကြီးမားလာမှုသည် ဒေသတွင်း ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာခြင်းကြောင့် စစ်အေး တိုက်ပွဲ ကာလလွန်ခေတ်နှင့် ကွဲပြားစွာ အာရှဒေသတွင် စစ်အင်အားကို တိုးချဲ့လာခြင်း ဖြစ်သည်။

ဒေသတွင်း စစ်စခန်း လေးခုမှလွဲ၍ ဖိလစ်ပိုင်စစ်စခန်း နောက်ထပ် လေးခု သို့ အမေရိကန်တပ်များ ဝင်ရောက်ရန် ခွင့်ပြုခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။

ဖိလစ်ပိုင်ရှိ တချိန်က အမေရိကန်ရေတပ် အခြေစိုက်ခဲ့တဲ့နေရာကိုတွေ့ရစဉ်(AP)

ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် ကာလရှည်ကြာ မဟာမိတ်များဖြစ်ပြီး ၂၀၁၅ ကာကွယ်ရေး သဘောတူညီချက် အရ ထိုသို့ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် စစ်တပ်ကို ပေးမည့် ဖိလစ်ပိုင်စခန်းများ၏ တည်ရှိပုံက အမေရိကန်စစ်တပ်အတွက် တောင်တရုတ် ပင်လယ်အတွင်း တရုတ်၏ ရန်လိုမှုများနှင့် ဖြစ်နိုင်ဖွယ်ရှိသော တရုတ်၏ ထိုင်ဝမ်ကို ကျူးကျော်မှုတို့အား ဟန့်တားရန် လိုအပ်သော အခြေအနေကို ဖြစ်စေသည်ဟု မနီလာအခြေစိုက် နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံသည် ဖိလစ်ပိုင် အပါအဝင် ငါးနိုင်ငံနှင့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

အမေရိကန်သည် ဖိလစ်ပိုင်တွင် အမြဲတမ်း စစ်ခန်းများကို ပြန်လည် တည်ဆောက်ရန် ကြိုးစားနေခြင်းမဟုတ် ကြောင်း သို့သော် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း သဘောတူညီချက်အရ အမေရိကန် ၏ စစ်တပ်အင်အား တိုးချဲ့နိုင်ခြင်းမှာ ကြီးမာသော ကိစ္စတစ်ရပ်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ပြောသည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့် ရပုဂ္ဂိုလ် မောင်နင်ကိုတွေ့ရစဉ်(GETTY IMAGES)

ပြီးခဲ့သည့် သီတင်းပတ် ဖိလစ်ပိုင်မြို့တော် မနီလာသို့ ရောက်ရှိစဉ် ပြောခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သို့ ရောက်ရှိလာမည့် အမေရိကန်တပ်သားများသည် တိုက်ခိုက်ရေးအတွက် အဆင်သင့် ဖြစ်မှုဆိုင်ရာ ကြီးမားသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဖိလစ်ပိုင် စစ်သားများနှင့် လုပ်ဆောင်ရမည် ဖြစ်ကာ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ တုန့်ပြန်မှုများတွင် ပါဝင်ခြင်း၊ ဖိလစ်ပိုင်စစ်တပ်ကို ခေတ်မီ စစ်တပ်အဖြစ် မြှင့်တင်ရန် အကူ အညီပေးရေး စသည်တို့ ပါဝင်ဆောင်ရွက်ရမည်ဟု အော်စတင်နှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ကာလီတိုဂဲ ဗက်ဇ် ဂျူနီယာ (Carlito Galves Jr.) တို့က ပြောသည်။

သို့သော် အမေရိကန်တပ်များ ဝင်ရောက်ခွင့်ရကာ လက်နက်နှင့် တခြားသော စစ်ဘက်သုံးပစ္စည်းများ နေရာချမည့် တပ်စခန်းလေးခု၏ နေရာများကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ဖိလစ်ပိုင်သို့ အမေရိကန်တပ်များ ပြန်လည် ဝင်ရောက်လာခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့် ရပုဂ္ဂိုလ် မောင်နင်(Mao Ning)က ဒေသတွင်း အမေရိကန်စစ်တပ် အင်အားတိုးချဲ့လာခြင်းသည် တင်းမာမှုများကို မြင့်တက်လာစေကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေသည်ဟု တုန့်ပြန်ခဲ့သည်။

Source: AP