CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၆

တရုတ်စပိုင် မိုးပျံပူဖောင်းဟု သံသယရှိသည့် အရာတစ်ခုကို အမေရိကန်စစ်တပ်က စနေနေ့တွင် ပစ်ချခဲ့သည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။

ယင်းသည် မြောက်အမေရိကရှိ ထိလွယ်ရှလွယ်သော စစ်စခန်းများကို ဖြတ်ကျော်ခဲ့ပြီးနောက် ကာရိုလိုင်းနား ကမ်းခြေတွင် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုမိုးပျံပူဖောင်းကို ပစ်ချရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ပစ်ချရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သော်လည်း ရေပြင်ပေါ်သို့ ရောက်မှသာ ပစ်ချခြင်းက ပို၍ အန္တရာယ် ကင်းသည်ဆိုသည့် အကြံပြုချက်ကို သမ္မတက လက်ခံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် အာဏာပိုင်များ က ပြောသည်။

မြေပြင်အထက် ပေ ၆၀၀၀၀ တွင်ရှိသော ပူဖောင်းကို ပစ်ချမည်ဆိုလျှင် ယင်းက မြေပြင်ရှိ ပြည်သူများအတွက် အန္တရာယ်ရှိနိုင်ခြေများသည်ဟု အမေရိကန် စစ်ဘက်အရာရှိများက ဆုံးဖြတ်ခဲ့သည်။

အမေရိကန်နဲ့ တရုတ်ကိုတွေ့ရစဉ်(AP)

ထိုပစ်ချမှုနှင့် ပတ်သက်၍ တရုတ်ဘက်က နောက်ထပ် အရေးယူမှုများ ဆက်လုပ်မည်ဟု တုန့်ပြန်ခဲ့ကာ အမေရိကန်အနေဖြင့် အစိုးရိမ် လွန်ခဲ့ကြောင်း၊ နိုင်ငံတကာ ဓလေ့ထုံးစံများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း ဖြစ်ကြောင်းလည်း ဝေဖန်ပြစ် တင်ခဲ့သည်။

တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်စောင်တွင် ကုမ္ပဏီအတွက် သင့်တော်သော အကျိုးစီးပွား နှင့် အခွင့်အရေးအတွက် တရုတ်နိုင်ငံဘက်က သေချာပေါက် အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း၊ တစ်ချိန် တည်းမှာပင် ပစ်ချမှုကို တုန့်ပြန်ရန် နောက်ထပ် လုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထိုကဲ့သို့သော အခြေအနေမျိုးကို နောင်တွင် ကြုံတွေ့လာပါက ဖြေရှင်းနိုင်ရေး လိုအပ်သော ဆောင်ရွက်ချက်များ ချမှတ် ဆောင်ရွက်သွားမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ပစ်ချခံရသော မိုးပျံပူဖောင်း အမေရိကန် ကောင်းကင်ပေါ်သို့ ရောက်ရှိလာခြင်းသည် ယခင်ကတည်းက ကြမ်း တမ်းနေသော အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးကို ပို၍ ဆိုးရွားစေခဲ့သည်။ ထိုကိစ္စကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken)သည် ဘေဂျင်းသို့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

တရုတ်မိုးပျံပူဖောင်းကိုတွေ့ရစဉ်(AP)

ထိုခရီးစဉ်သည် နှစ်နိုင်ငံကြား တင်းမာမှုများကို လျှော့ချရေး ရည်ရွယ်ထားခြင်း ဖြစ်သည်။ ပူဖောင်းကို အောင်မြင်စွာ ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ထိုသို့ လုပ်ဆောင်ခဲ့သူများကို ချီးကျူးကြောင်း အမေရိကန် သမ္မတက ပြောသည်။

မိုးပျံပူဖောင်းကြီး အတ္တလန္တိတ် ကမ်းခြေသို့ ဦးတည်နေသည်ကို စနေနေ့ မနက်ပိုင်းတွင် မြင်တွေ့ခဲ့ရသည်။

ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၃၉ မိနစ်တွင် F-22 ဂျက် လေယာဉ်တစ်စင်းမှ မိုးပျံပူဖောင်းကို ဒုံးကျည်တစ်စင်း ဖြင့် ပစ်ခတ်ခဲ့ပြီး မာတယ် (Myrtle) ကမ်းခြေ ကမ်းရိုးတန်းမှ ရေမိုင် ၆ မိုင်အကွာတွင် ထိမှန်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦးက ပြောသည်။

မိုးပျံပူဖောင်း အပျက်အစီးများသည် ရေအနက် ၄၇ပေ သို့ ပြုတ်ကျခဲ့ကာ ယင်းက တာဝန်ရှိသူများ ခန့်မှန်းထားသည် ထက် ပိုတိမ်သည်။ ပူဖောင်း၏ အပျက်အစီးများသည် ၇ မိုင် ပတ်လည်သို့ ပျံ့ကြဲသွားခဲ့ပြီး ယင်းတို့ကို သင်္ဘောများ အပါအဝင် ဖယ်ရှားရှင်းလင်းရေးများ လုပ်ဆောင် နေသည်ဟု သိရသည်။

Source: AP