CNI International News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၆

အမေရိကန်၏ မိုးပျံပူဖောင်းများသည် တရုတ်နိုင်ငံအတွင်းရှိ ရှင်ကျန်း (Xinjiang) နှင့် တိဗက်ဒေသတို့ကို ဖြတ်သန်းခဲ့ကြောင်း တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ထိုလုပ်ရပ်က တရုတ်၏ အချုပ်အခြာ အာဏာကို ထိပါးစေခြင်းဖြစ်၍ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် သွားမည်ဟု တရုတ်အစိုးရက ပြောသည်။

တရုတ်ဘက်မှ စပိုင်ပူဖောင်းဟု အမေရိကန်ဘက်က ယူဆသော မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်စစ်တပ်က ပစ်ချခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ်တို့ကြားတွင် ပျံသန်းနေသောအရာများနှင့်ပတ်သက်သည့် အငြင်းပွားမှု များ ဖြစ်ပေါ်လာခဲ့သည်။

ယင်းက နှစ်နိုင်ငံကြား အေးခဲနေသော ဆက်ဆံရေးများကို ပိုမို ဆိုးရွားစေခဲ့သည်။

တရုတ်ပိုင် တိဗက်ဒေသကိုတွေ့ရစဉ်(GETTY IMAGES)

တရုတ်ဘက်က ထိုမိုးပျံပူဖောင်းသည် အရပ်ဘက် လေ့လာမှုများအတွက် အသုံးပြုခြင်းဖြစ်ပြီး အမေရိကန်ဘက် သို့ လမ်းကြောင်းပြောင်းလဲ ရောက်ရှိသွားကြောင်း၊ အမေရိကန်သည် ထိုဖြစ်စဉ်တွင် အလွန်အမင်း တုန့်ပြန်မှု လုပ် ဆောင်ခဲ့ကြောင်း ပြောသည်။

ပစ်ချမှုပြီးနောက် ယခုသီတင်းပတ်အတွင်း တရုတ်အစိုးရဘက်က ၂၀၂၂ ခုနှစ်၊ မေလမှ စတင်ကာ တရုတ် လေပိုင်နက်အတွင်းသို့ အမေရိကန်၏ မိုးပျံပူဖောင်းများ ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့သည်ဟု တရုတ်ဘက်က ပြောသည်။

ရှင်ကျန်း၊ တိဗက်နှင့် တခြားသော ပြည်နယ်များသို့ တရုတ်အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ အမေရိကန်ဘက်မှ မိုးပျံ ပူဖောင်းများ ဝင်ရောက်လာမှု ၁၀ ကြိမ်ထက်မနည်း ရှိခဲ့သည်ဟု တရုတ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin) က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

သို့သော် အိမ်ဖြူတော်ဘက်က တရုတ်၏ စွပ်စွဲမှုများကို ငြင်းဆိုသည်။ တရုတ်ဘက်မှ ထောက်လှမ်းရေး လုပ်ဆောင်သည်ဟု သံသယဖြစ်ရသော ပူဖောင်းများနှင့် ဆက်စပ်နေသည့် တရုတ်ကုမ္ပဏီ ခြောက်ခုကိုလည်း အမေရိကန်အစိုးရက ပို့ကုန်ဆိုင်ရာ အမည်ပျက်စာရင်း သွင်းသည်။

တရုတ် မိုးပျံပူဖောင်းကို အမေရိကန်ပစ်ချနေစဉ်(GETTY IMAGES)

အမေရိကန်အစိုးရသည် အင်အားကို အလွဲသုံးစား လုပ်ခဲ့ကြောင်း၊ အလွန်အမင်း တုန့်ပြန်ကာ တင်းမာမှုကို မြင့်တက်စေခဲ့ရုံမက ထိုအကြောင်း ပြချက်ဖြင့် တရုတ်ကုမ္ပဏီနှင့် အဖွဲ့အစည်းများကို တရားမဝင် ပိတ်ဆို့ အရေးယူမှု လုပ်ဆောင်ခဲ့ကြောင်း ဝမ်က ပြောသည်။

ထိုသို့ လုပ်ဆောင်မှုအပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအပေါ် ထိပါးသည့် ထိုပူဖောင်းများနှင့်ပတ်သက်၍ တန်ပြန် လုပ်ဆောင်ချက်များကို ဥပဒေများ အရ ချမှတ် ဆောင်ရွက်သွားမည်ဟုလည်း ဝမ်က ဆက်လက် ပြောကြားခဲ့သည်။

Source: Reuters