CNI International News

မနီလာ၊ ဖေဖော်ဝါရီ ၁၆

ဖိလစ်ပိုင်နှင့် အမေရိကန်နိုင်ငံတို့သည် ၂၀၁၅ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုကို ယခုနှစ် အတွင်းလုပ်ဆောင်သွားမည်ဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် ပြောသည်ဟု Reuters သတင်း တွင်ဖော်ပြသည်။

အဆိုပါ လေ့ကျင့်မှုများက သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr) လက်ထက် နှစ်နိုင်ငံကြား ဆက်ဆံရေး မြင့်တက်လာခြင်းကို ဖော်ညွှန်းနေသည်။ ထို့အပြင် ယင်းသည် ဖိလစ်ပိုင်သင်္ဘောများကို တရုတ် ဘက်က စစ်ဘက်သုံးလေဆာဖြင့် ထိုးခြင်းအပါအဝင် အငြင်းပွားရေပြင်အတွင်း တရုတ်၏ ရန်လိုမှုများအပေါ် ဖိလစ်ပိုင်ဘက်က ပြစ်တင်ရှုတ်ချခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်ပြုလုပ်နေကျ ဘာလီခါတန် (Balikatan) စစ်ရေးလေ့ကျင့်မှုကို ၂၀၂၃ ဒုတိယသုံးလတွင် ကျင်းပသွားမည် ဖြစ်ကာ ယင်းသည် ၂၀၂၂ ခုနှစ်တွင် ပါဝင်သော စစ်သားအရေအတွက် ၈၉၀၀ ထက်ပို၍ များပြားမည်ဟု ဖိလစ်ပိုင် စစ်တပ်အကြီးအကဲ ရိုမီရို ဘရော်နာ (Romeo Brawner) က ပြောသည်။

ယခုကဲ့သို့ လေ့ကျင့်မှုများသည် အနာဂတ်တွင် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည့် လူမှပြုလုပ်သော (သို့မဟုတ်) သဘာဝ အလျောက်ဖြစ်သော စိန်ခေါ်မှုများကို တုန့်ပြန်ရန်ဖြစ်သည်ဟု ဘရော်နာက ပြောသည်။ ဖိလစ်ပိုင်သမ္မတသည် ပြီးခဲ့သည့် အင်္ဂါနေ့တွင် တရုတ်သံအမတ်ကို ဆင့်ခေါ်ခဲ့ကာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ မြင့်တက် လာသော လှုပ်ရှားမှုများနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ်က ဖိလစ်ပိုင်နှင့် အမေရိကန် မရိန်းတပ်သားများသည် Zambales ပြည်နယ်၊ San Antonio တွင် တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားသည့်ကမ်းခြေ၌ ချေမှုန်းရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့စဉ်(ဓါတ်ပုံ- အေအက်ဖ်ပီ)

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၆ ရက်နေ့က လေဆာရောင်ခြည်သုံး တရုတ်စစ်သင်္ဘောများ၏ တရားဝင်လုပ်ဆောင်မှုများကို အခိုင်အမာပြောဆိုခဲ့ပြီး ယင်းမှာ စိုးရိမ်မှုများကို မြင့်တက်စေခဲ့ကာ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန်တို့ထံမှ အကူအညီပေးမှုများကို ဖြစ်စေခဲ့သည်။

ဥပဒေကိုအခြေခံသည့် နိုင်ငံတကာစည်းမျဉ်းကို ထိန်းသိမ်းရေးနှင့် ဖိလစ်ပိုင်စစ်တပ်နှင့် ကမ်းခြေစောင့်တပ်တို့၏ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးရန် အမေရိကန်ဘက်မှ ကြိုးပမ်းမှုများကို နှစ်ဆတိုးမြှင့် ပြုလုပ်သွားမည်ဟု ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ပက်ထရစ်ရီဒါ (Patrick Ryder) က ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်းမှ တရုတ်၏လုပ်ဆောင်ချက်များအပြင် ထိုင်ဝမ်နှင့် တင်းမာမှုများကို စောင့်ကြည့် နိုင်ရေးအတွက် ဖိလစ်ပိုင်အစိုးရက အမေရိကန်တပ်များကို ၎င်းတို့ စစ်စခန်းများထံ တိုးမြှင့်ဝင်ရောက် ခွင့်ပြုခဲ့ သည်။ ၂၀၁၅ ခုနှစ်က နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် တပ်သားပေါင်း ၁၁၀၀၀(တစ်သောင်းတစ်ထောင်) ကျော် ပါဝင်ခဲ့သည်ဟု သိရသည်။

Source:Reuters