CNI International News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၆

အီရန်နိုင်ငံအား အကူအညီပေးသွားမည်ဟု တရုတ်နိုင်ငံသို့ ရောက်ရှိနေသော အီရန်သမ္မတရိုင်စီ(Ebrahim Raisi) ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများဖြင့် ရင်ဆိုင်နေရသော အီရန်နိုင်ငံသည် တရုတ်၊ ရုရှားတို့နှင့် ဆက်ဆံရေးကို တိုးမြှင့်လျက်ရှိသည်။

သမ္မတနှစ်ဦး တွေ့ဆုံမှုတွင် ရုရှား၏ ယူကရိန်း ကျူးကျော်စစ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်လား မသိရသေး ပေ။

အီရန်သည် ရုရှားကို စစ်ဘက်သုံး ဒရုန်များ ထောက်ပံ့ပေးထားသော်လည်း ယင်းတို့ကို ယူကရိန်းပဋိပက္ခ မဖြစ်ခင် ကတည်းက ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အီရန်ဘက်က ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာများအပေါ် အမေရိကန်၏ ကြီးစိုးမှုကို ဝေဖန်ခြင်းဖြင့် တရုတ်သမ္မတ ရှီက အီရန်သမ္မတ ရိုင်စီ အစိုးရအား ထောက်ပံ့ပေးမည်ဟု ဖော်ပြခဲ့သည်။

 အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်(GETTY IMAGES)

တရုတ်၊ အီရန်နှင့် ရုရှားတို့သည် အမေရိကန်၏ အင်အားကြီးမှုကို တန်ပြန်မည့် နိုင်ငံများအဖြစ် ၎င်းတို့ကိုယ် ၎င်းတို့ ပုံဖော်ထားသည်။

အီရန်၏ အချုပ်အခြာ အာဏာအပြင် တစ်ဖက်သတ် လက်နက် ဖျက်သိမ်းမှုနှင့် အနိုင်ကျင့်မှုတို့မှ တရုတ်သည် အီရန်နိုင်ငံအား အကာအကွယ် ပေးသွားမည်ဟု ရှီက ပြောခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းတွင် ဖော်ပြသည်။

ရှီနှင့် ရိုင်ဆီတို့သည် ကုန်သွယ်ရေး၊ ခရီးသွားလာရေးတို့ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အခု ၂၀ လက်မှတ် ရေးထိုးခဲ့သည်။ တရုတ်သည် အီရန်၏ အကြီးစား ရေနံဝယ်လက်များမှ တစ်ခုဖြစ်ရုံမက ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ရင်းမြစ်တစ်ခုလည်း ဖြစ်သည်။

နျူကလီးယား လက်နက် ထုတ်လုပ်နေသည်ဟုဆိုကာ အမေရိကန်နှင့် အနောက်အုပ်စုက အီရန်အား ကုန်သွယ် ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

အီရန်ဘက်က ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း အရေးယူမှုများကြောင့် နိုင်ငံသည် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသည်။ နျူကလီးယားအရေးကြောင့် အမေရိကန်သည် အီရန်အား ကမ္ဘာလုံးဆိုင်ရာ ဘဏ်များ ကွန်ယက်သို့ ဝင်ရောက်ခွင့်ကို ၂၀၁၈ ခုနှစ်တွင် ပယ်ဖျက်ခဲ့သည်။

အီရန်သမ္မတ ရိုင်စီကိုတွေ့ရစဉ်(AP)

အီရန်ကို လွှမ်းမိုးကာ ဒေသတွင်း ခြိမ်းခြောက်မှုများကို လျှော့ချရန် အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် က တရုတ်ကို တောင်းဆိုခဲ့သည်။

ယင်းက နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်း စေလိမ့်မည်ဟုလည်း ပြောသည်။

သို့သော် သမ္မတရှီသည် တခြားသော နိုင်ငံများက အီရန်၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းနှင့် အီရန်၏ လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့ကို လျော့ပါးစေခြင်းတို့အား ကန့်ကွက်သည်ဟု တရုတ်အစိုးရဘက်က ထုတ်ပြန်ခဲ့ သည်။

အပြန်အလှန် အကျိုးစီးပွား အပါအဝင် အကြောင်းအရာများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လည်း ရှီက ကတိပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အတိအကျကို ရှင်းပြထားခြင်း မရှိပေ။