CNI International News

ဘေဂျင်း၊ မေလ  ၁၄

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲကို စုပေါင်းရင်ဆိုင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တိုးမြှင့်ရန် တရုတ်သမ္မတရှီကျင့်ဖျင် (Xi Jinping) က နိုင်ငံများကို တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ကုန်သွယ်ရေးစစ်ပွဲများတွင် အနိုင်ရရှိသူ မရှိကြောင်းလည်း ရှီက အမေရိကန်ကို ရည်ညွှန်းပုံပေါ်သည့် မှတ်ချက် စကားကိုလည်း ပြောကြားခဲ့သည်။

အနိုင်ကျင့်ဗိုလ်ကျမှု သို့မဟုတ် စိုးမိုးခြယ်လှယ်မှုသည် မိမိကိုယ်ကို ဖယ်ကြဉ်သည့် အခြေအနေသို့ ရောက်ရှိသွား စေနိုင်ကြောင်း ရှီက လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများမှ ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

ထိုပြောကြားချက်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆွေးနွေးမှုများအပြီး ရှီ၏ ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောကြားသည့် မှတ်ချက်စကားတစ်ခုဖြစ်သည်။

ရှီသည် မေလ ၁၃ ရက်က ဘေဂျင်းမြို့တော်တွင် ပြုလုပ်သည့် တရုတ်-လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံ များ ဖိုရမ်၏ စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားခဲ့သည်။

ရှီနဲ့ ကာရေဘီယံနိုင်ငံများက ခေါင်းဆောင်တွေကိုတွေ့ရစဉ်

“ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲနေတဲ့ ရာစုနှစ်ထဲကို ရောက်နေပါတယ်။ အန္တရာယ်ပေါင်းစုံ ရှိနေပါတယ်။ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင် မှာပါ”ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်နှင့် လက်တင်အမေရိက၊ ကာရစ်ဘီယံနိုင်ငံများသည် ကမ္ဘာ့တောင်ခြမ်းဒေသ၏ အရေးကြီးသည့် နိုင်ငံများ ဖြစ်ပြီး ရှိရင်းစွဲအခွင့်အရေးများ၊ တရားမျှတမှုတို့သည် မိမိတို့အားလုံး၏ ဘုံရည်မှန်းချက်များ ဖြစ်သည်ဟုလည်း ရှီက ဆိုသည်။

တရုတ်သည် မြင့်တက်လာသည့် ပထဝီနိုင်ငံရေး တင်းမာမှုများ၊ အဖွဲ့အစည်းများကြား ထိပ်တိုက်တွေ့မှုနှင့် တစ်ဖက်သတ်ဆန်သည့် လုပ်ဆောင်ချက်များကို ဖြေရှင်းရာတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းလည်း ရှီက ပြောကြားခဲ့သည်။

Source: South China Morning Post