CNI International News
ဒါကာ၊ မေလ ၁၄
ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မတီ(BEC)က ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ(Sheikh Hasina)၏ အဝါမီလိဂ်(Awami League)ပါတီကို မှတ်ပုံတင်ခွင့် ဆိုင်းငံ့ခဲ့ကြောင်း India Express မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် အဝါမီလိဂ်ပါတီ၏ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အား ထိရောက်စွာ တားမြစ်နိုင်ခဲ့သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ယာယီအစိုးရအဖွဲ့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေအောက်တွင် အဝါမီလိဂ်(Awami League)ပါတီ၏ လှုပ်ရှားမှုအားလုံးကို တားမြစ်ခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုများ၊ ရာနှင့်ချီသည့် ဆန္ဒပြသူများ သေဆုံးမှုနှင့်ပတ်သက်ပြီး Awami League ပါတီ၏ ထိပ်သီးခေါင်းဆောင်များကို စစ်ရာဇဝတ်မှုများဖြင့် စုံစမ်းစစ်ဆေးနေမှုများကြောင့် ပါတီ၏ လှုပ်ရှားမှု များကို တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ကြားဖြတ်အစိုးရက ပြောကြားခဲ့သည်။
အဝါမီလိဂ်ပါတီ ထောက်ခံသူများကို တွေ့ရစဉ်
Awami League ပါတီ အပါအဝင် ထိုပါတီနှင့်ဆက်နွှယ်သည့် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုအားလုံးကို ပိတ်ပင်သော ပြည်ထဲရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်နှင့်အတူ ရွေးကောက်ပွဲကော်မရှင်သည် Awami League ပါတီ၏ မှတ်ပုံတင်မှုကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးချုပ် အက်ခ်တာ အာမက် (Akhtar Ahmed) က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲဥပဒေများအရ နိုင်ငံအတွင်း ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ သည် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ရန် လိုအပ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် ဆယ်စုနှစ် နှစ်စုကျော်ကြာ အုပ်ချုပ်ခဲ့သည့် Awami League ပါတီအား ဆိုင်းငံ့လိုက်ခြင်းသည် နိုင်ငံအတွင်း ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲတွင်မဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို တရားဝင် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ရှိတ်ဟာစီနာကို တွေ့ရစဉ်
ထို့ကြောင့် Awami League ပါတီ၏ မှတ်ပုံတင်မှုကို ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ခွင့်မပြုမီ အချိန်အထိ Awami League ပါတီသည် ရွေးကောက်ပွဲဝင်ခွင့်မရှိဘဲ ဆိုင်းငံ့ခံထားရမည်ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် အဝါမီလိဂ်နှင့် ၎င်း၏ ဆက်စပ်အဖွဲ့များသည် ပုံနှိပ်ထုတ်ဝေမှုများ၊ မီဒီယာများ၌ ဖော်ပြမှုများ၊ အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာ မဲဆွယ်စည်းရုံးမှုများ၊ စီတန်းလှည့်လည်မှုများ၊ စုဝေမှု သို့မဟုတ် အစည်းအဝေးများ ပြုလုပ်ခြင်း အပါအဝင် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများ မပြုလုပ်ရန် တားမြစ် ထားသည်။
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် စတုတ္ထမြောက် သက်တမ်းကို အနိုင်ရခဲ့သည့် ဟာစီနာသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် လက ဆူပူအုံကြွမှုများအတွင်း အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယူနွတ် ဦးဆောင်သည့် ယာယီအစိုးရက အာဏာကို လွှဲပြောင်းရယူခဲ့သည်။
Source: India Express