CNI International News

ဘေဂျင်း၊ဖေဖော်ဝါရီ ၈

မိုးပျံပူဖောင်းတစ်လုံးအား အမေရိကန်ဘက်က ပစ်ချလိုက်မှုနှင့်ပတ်သက်၍ နိုင်ငံ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် သေချာပေါက် ကာကွယ်မှု လုပ်ဆောင်သွားမည်ဟု တရုတ်ဘက်က အင်္ဂါနေ့တွင် ပြောခဲ့ ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

စပိုင် မိုးပျံပူဖောင်းဟု ယူဆကာ အမေရိကန်ဘက်က ပစ်ချခဲ့သည်။ ထိုပစ်ချမှုက နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထပ်မံ ဆိုးရွားလာစေခဲ့သည်။

ထိုမိုးပျံပူဖောင်း ကိစ္စအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးတွင် တိုးတက်မှုများ ရှိလာစေနိုင်သည်ဟု မြင့်မားစွာ မျှော်လင့်ထားခဲ့သော ခရီးစဉ် ဖြစ်သည်။

အမေရိကန် စစ်လေယာဉ် တစ်စီးက အဆိုပါ ပူဖောင်းကို အတ္တလန်တစ် သမုဒ္ဒရာအတွင်း စနေနေ့၌ ပစ်ချခဲ့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်က ယင်းသည် မိုးလေဝသဆိုင်ရာ လေ့လာမှုများ ပြုလုပ်ရန်အတွက် သုံးသော အရပ် ဘက်သုံး ပူဖောင်းဖြစ်သည်ဟု ပြောသည်။

တရုတ်မိုးပျံပူဖောင်းကို အမေရိကန် ပစ်ချလိုက်စဉ်(AP)

သို့သော် ယင်းကို မည်သည့်အစိုးရဌာန သို့မဟုတ် ကုမ္ပဏီက ပိုင်ဆိုင်သလဲဆိုသည်ကို ပြောကြားရန် ငြင်းဆိုခဲ့ သည်။

လူလိုက်ပါခြင်း မရှိသော ပူဖောင်းသည် မည်သည့် ခြိမ်းခြောက်မှုမှ မရှိသလို အမေရိကန် လေပိုင်နက်အတွင်းသို့ မတော်တဆ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် မောင်နင် (Mao Ning)က အင်္ဂါနေ့တွင် ထပ်မံပြောကြားသည်။

ပရော်ဖက်ရှင်နယ်ဆန်ဆန် တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ရမည့်အစား လွန်ကဲစွာ တုန့်ပြန်ခဲ့ခြင်းနှင့် ပူဖောင်းကို ပစ်ချရန် အင်အား အသုံးပြုခဲ့ခြင်းတို့ အတွက်လည်း ၎င်းက အမေရိကန်နိုင်ငံကို ထပ်မံဝေဖန်ခဲ့သည်။

ပုံမှန်လုပ်ဆောင်နေကျ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ထိုပူဖောင်း အပျက်အစီးများကို ပြန်လည် ရယူလိုပါသလားဟု မေးမြန်းခဲ့ရာ ထိုပူဖောင်းကို တရုတ်နိုင်ငံက ပိုင်ဆိုင်သည်ဟု ၎င်းက ပြန်လည် ဖြေကြားခဲ့သည်။

ထိုပူဖောင်းကို အမေရိကန်ဘက်က မပိုင်ကြောင်း၊ တရုတ်အစိုးရသည် ၎င်းတို့၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြန်လည် ဖြေကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ရှင်းလင်းခဲ့ခြင်း မရှိပေ။

မိုးပျံပူဖောင်းကိစ္စတွင် တရုတ်၏ သဘောထားများသည် တဖြည်းဖြည်း တင်းမာလာသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် မောင်နင် (Mao Ning)ကိုတွေ့ရစဉ်(AP)

ထိုအခြေအနေနှင့် ပတ်သက်၍ သောကြာနေ့ ပြောဆိုမှုတွင် ပူဖောင်းသည် အမေရိကန်အတွင်းသို့ မတော်တဆ ရောက်ရှိသွားကြောင်း၊ ထိုကိစ္စအတွက် ဝမ်းနည်းမိကြောင်း ပြောခဲ့သည်။

သို့သော် နောက်ပိုင်း ထုတ်ပြန်ချက်များတွင် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သဘောထား တင်းမာမှုကို ဖော်ပြခဲ့ပြီး ပူဖောင်းကိစ္စအတွက် ဘေဂျင်းရှိ အမေရိကန်သံရုံးကို တရားဝင် စောဒကတက်ခဲ့ကြောင်းပြောခဲ့သည်။

ထို့နောက် အမေရိကန်သည် မလိုအပ်ဘဲ လွန်ကဲစွာ တုန့်ပြန်ခဲ့ကာ နိုင်ငံတကာဥပဒေနှင့် ကျင့်ထုံးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့သည်ဟုလည်း စွပ်စွဲခဲ့သည်။

မိုးပျံပူဖောင်း ဖြစ်စဉ်သည် စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ပြိုင်ဘက်နှစ်နိုင်ငံအကြား အနည်းငယ်မှအတိမ်းအစောင်းမခံသည့် အခြေအနေသို့ ရောက်ရှိနေသည်ကိုလည်း ထင်ရှားစေသည်။

Source: AP