CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင် ပြန်တင်လိုက်ကြောင်း သိရသည်။

ယခင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)အစား ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဟု အမည်ပြောင်းလဲ၍ မှတ်ပုံတင် ခဲ့ကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်ကတော့ အန်တီတို့က အခုပဲလေ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဆိုပြီးတော့ မနေ့ကပဲ မှတ်ပုံသွားတင်တယ်၊ ပြည်ခိုင်ဖြိုးက ပထမ အန်တီတို့က ဒုတိယနော်၊ မနေ့ကပဲ သွားတင်တာ အဲဒါလာတင် တာလေ နေပြည်တောင်ကို” ဟု ပြောသည်။

USDP ပါတီကိုတွေ့ရစဉ်

ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနှင့် ဦးစောသန်းမြင့် ဦးဆောင်သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်မည်ဟု သတင်းထွက်ပေါ်လာ‌သော်လည်း မိမိအနေဖြင့် အဆိုပါ ကိစ္စကို မသိရှိရသေးကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီမှတ်ပုံတင် ပြန်တင်သည့် ကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရေး USDP မှ တာဝန်ရှိသူများထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

သို့သော် နီးစပ်သူများကတော့ USDP ပါတီသည် ပါတီမှတ်ပုံတင်ခြင်းကို ပြန်လည် လုပ်ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ အနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေး၊ လူထုကောင်းကျိုးအတွက် ဦးတည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

UEC နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

၎င်းက “အန်တီတို့ကတော့လေ၊ အစကတည်းက ၈၈ ကတည်းက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကောင်းအောင်၊ ကြီးပွားအောင်၊ တိုးတက်အောင်ပဲ ရည်မှန်းပြီးတော့ပဲ နိုင်ငံရေး လုပ်ကြတာပဲလေ၊ အန်တီတို့ ပါတီမှာလည်း စိတ်တူကိုယ်တူ ဒီလိုလူမျိုးတွေပဲရှိတယ်၊ ကိုယ်ပိုင်တဲ့၊ ကိုယ်တာဝန်ယူနိုင်တဲ့ တိုင်းအလိုက်ပဲ ကြိုးစားပြီး လုပ်နေ ကြတယ်၊ အန်တီတို့ကလည်း ဒီအတိုင်းပဲ ဦးစောသန်းမြင့်တို့လည်း ဒီအတိုင်းပဲရှိမှာပါ၊ အားလုံး တူတူပါပဲလေ၊ အဲဒီ တော့ အန်တီတို့ကလည်း ကိုယ့်ဟာကိုယ် သားသိတဲ့အတိုင်း စည်းမျဉ်းတွေကလည်း ကြပ်တယ်၊ ပိုက်ဆံကလည်း နည်းနည်းများတယ်နော် အန်တီအမြင် ပြောတာပေါ့၊ အန်တီတို့က နိုင်ငံရေးသမားဆိုတော့ ပိုက်ဆံတော့ အဖွဲ့ အစည်းတိုင်းက တချို့နေရာမှာ ပိုက်ဆံပေါတယ်၊ အန်တီတို့ကတော့ ကိုယ့်ကိုယ်ပိုင် ပိုက်ဆံနဲ့ လုပ်ကြရတာဆို တော့လေ အဲလိုတော့ မများဘူးပေါ့၊ ကိုယ်တစ်နိုင် တစ်နိုင်၊ နိုင်မယ်ထင်မယ့် တိုင်းလို့ပဲ ကိုယ်ကြိုးစားပြီး လုပ်တာ ပါ၊ ဦးတည်ချက်ကတော့ တိုင်းပြည်ကောင်းဖို့ပါ၊ ငြိမ်းချမ်းချင်တယ်၊ တိုင်းပြည်ကောင်းချင်တယ်၊ ပြည်သူလူထု အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ကို ကြီးပွားချင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေစတင်ပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ်ရက် အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း နစကမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့သည် ပထမဦးဆုံး မှတ်ပုံ တင် ပြန်တင်သည့် နိုင်ငံရေးပါတီများ ဖြစ်သည်။