CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၉

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြန်လည် ရွေးချယ်မည်ဖြစ်ကြောင်း UPDJC မှ အဖွဲ့ဝင် ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေအရ နိုင်ငံရေးပါတီအချို့မှာ ဖျက်သိမ်းခံရသလို၊ အချို့မှ အသစ်ပြန်လည် ဖွဲ့စည်းကြကြောင်း ၎င်းက ပြောသည်။

ဒေါ်ချိုချိုကျော်ငြိမ်းက “ကျမတို့ ခဏနားထားပါတယ်ရှင့်၊ မခေါ်သေးပါဘူး။ လောလောဆယ် ကျမတို့ တစ်လ၊ နှစ်လလောက်ရှိပြီရှင့်၊ နားထားတာ ဒီလိုလေ ယခင်က ရွေးကောက်ပွဲနဲ့ ပါတီ ၉၁ ပါတီနဲ့ ကျမတို့က ပြန်ရွေးထား တာလေ၊ အခုကြတော့ အဲဒီပါတီတွေက ပျက်တဲ့ဟာပျက်၊ ဖျက်တဲ့ဟာဖျက် အသစ်ဖွဲ့တဲ့ဟာဖွဲ့ ဖြစ်ကုန်ပြီလေ၊ ဟုတ်တယ်မလား အဲဒီဟာကို အကျုံးမဝင်တော့ဘူးဆိုတော့ နောက် ပါတီတွေ အားလုံး ထပ်ဖွဲ့မယ်၊ အားလုံးပါတီ တွေ ပြီးတော့မှ ပြန်ရွေးမယ်လို့ အဲဒီလို ပြောတယ်ရှင့်” ဟု CNI သတင်းဌာနသို့ ပြောသည်။

UEC မှ နိုင်ငံရေးပါတီများကို စိစစ်ပြီး မှတ်ပုံတင်ခွင့် ပြုပြီးသည့်အချိန်တွင် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုကို ကျင်းပနိုင်ကြောင်း ၎င်းက ပြောသည်။

မိမိတို့ ပါတီကို မှတ်ပုံတင် ချပေးခြင်းလည်း မရှိသေးသည့်အတွက် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဘာမျှ မကြားသိ ရသေးကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

UEC က နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ခြင်း ဥပဒေ- နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရန် ကြေညာခဲ့သည်။

UPDJC နဲ့ NSPNC တို့ တွေ့ဆုံစဉ်

ထို့နောက် ပြန်လည်၍ မှတ်ပုံမတင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီ အဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ထုတ် ပြန် ကြေညာခဲ့သည်။

ယခင် နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ပါဝင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် ပါတီမှတ်ပုံတင် မကျခြင်း၊ ပါတီ လုပ်ငန်းစဉ်များ မပြီးမြောက်ခြင်းများကြောင့် UPDJC အစုအဖွဲ့ ရွေးချယ်ရန် ကြန့်ကြာနေကြောင်း ဒေါ်ချိုချိုကျော် ငြိမ်းက ပြောသည်။

၎င်းက “ကျမတို့က ဒေသပါတီဆိုတော့ သေးတာပေါ့၊ တစ်ပြည်လုံး ဥပမာ ဦးစိုင်းအိုက်ပေါင်းတို့၊ ကိုကိုကြီးတို့ ဘာတို့ကြတော့ သူတို့ကြတော့ တစ်ပြည်လုံးပြေးနေရတော့ ကျမတို့လည်း နားစွင့်နေတာပေါ့၊ သူတို့ ပြီးတဲ့ အပေါ်မှာပဲ မူတည်မှာပဲ သူတို့ ပြီးတယ်၊ မပြီးတယ်အပေါ်မှာ ကျမတို့က ပြောလို့မရဘူးလေ၊ သူတို့လည်း ကြိုး တော့ ကြိုးစားနေတာပဲ လူ ၁ သိန်းဆိုတာ ဗမာပြည်ထဲမှာ လွယ်တော့ မလွယ်လှဘူးလေ၊ ရုံးတွေလည်း အများ ကြီး ဖွင့်ရမယ်၊ အမတ်တွေလည်း အများကြီး ရှာရမယ်ဆိုတော့ သူတို့အခက်အခဲကို ကျမကိုယ်ချင်းစားပြီး မလုပ် နိုင်ဘူးလေ၊ ကျမ မလုပ်နိုင်တဲ့ အလုပ်ကို သူတို့ လုပ်နေတဲ့အတွက် ကျမကတော့ မြန်မြန်ပြီးပါစေပဲ ဆုတောင်း တယ်၊ ဒါမှပဲ ကျမတို့ ရွေးကောက်ပွဲလည်း လာမယ်၊ UPDJC လည်း ဖွဲ့စည်းနိုင်မယ်ဆိုပြီး တော့ပေါ့နော်၊ ကျမတို့ က ဘာတတ်နိုင်မှာလဲ” ဟု ပြောသည်။

NSPNC ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီ များ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထားသည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က ပြန်လည်ရွေးချယ်ခဲ့သည့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ဦးစိုင်းအိုက်ပေါင်း၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးစောသန်းမြင့်၊ တ.စ.ည ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ(MUP)တို့ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။