CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုကို နိုင်ငံရေးပါတီ အများစုမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ အစုအဖွဲ့ UPDJC ရွေးချယ်မှုကို ဧပြီ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ထိုရွေးချယ်ပွဲကို ရခိုင်အမျိုး
သားပါတီ (ANP) အနေဖြင့် တက်ရောက်ရန် ပြောကြားထားကြောင်း ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

ဦးသာထွန်းလှက “တက်ရောက်ဖို့ ရှိ၊ မရှိ ဆိုတာကတော့ လောလောဆယ်ကတော့ ကျနော်တို့ ပါတီကတော့ သွားတက်ဖို့က ကျနော် ပါတီကို ပြောထားတာတော့ ရှိတယ်၊ ဒါပေမဲ့ ကျနော် လောလောဆယ် အတိအကျပြောလို့ မရသေးဘူး၊ ပါတီမှာ အများစု သဘောထားရှိရင်တော့ တက်မယ်ဆိုရင်လည်း တက်ဖို့ သဘောထား ပေးထားတာပဲ ရှိသေးတယ်၊ ပါတီက တက်ဖို့ ပေးထားပြီးလား၊ မပေးဘူးလားဆိုတာ လောလောဆယ် ခရီးလွန်နေလို့ ကျနော် အတိအကျ မသိသေးဘူး” ဟု ပြော သည်။

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီထဲကနေ အမြဲတမ်း
ကော်မတီဝင် ၁၆ ဦးနှင့် အရန်ကော်မတီဝင် ၁၆ ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ ပြန်လည်ရွေးချယ်ပွဲကို မွန်ညီညွတ်ရေးပါတီ (MUP)မှ ဖြစ်ကြောင်း၊ သို့သော်လည်း မဲခွဲရွေးချယ်မှုကို ကန့်သတ်ချက်ဖြင့် မလုပ်သင့်ကြောင်း MUP မှ ဒုဥက္ကဋ္ဌ နိုင်တလညီက ပြောသည်။

ယာယီ ဖွဲ့စည်းထားတဲ့ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကိုတွေ့ရစဉ်

နိုင်တလညီက “အခုဟာက အရင်တုန်းက ယာယီဖွဲ့ထားတဲ့ UPDJC အစုအဖွဲ့ကနေပြီးတော့ သူတို့က အစည်းအဝေး ဖိတ် တာ ပေါ့လေ၊ နိုင်ငံရေးပါတီ အားလုံးကို ဖိတ်တာပေါ့နော်၊ ဖိတ်တော့ ပါတီတစ်ခုကို တစ်မဲ ပုံစံမျိုးနဲ့ သူတို့အဲလို မဲပေးဖို့ သူတို့ စီစဉ်ထားတာပေါ့နော်၊ ဒါပေမဲ့ ကျနော်တို့ရဲ့ ပါတီ အမြင်ကတော့ ဒီရွေးချယ်မှုကို ဒီလိုမျိုး ကန့်သတ်ချက် မလုပ်သင့်ဘူး။ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရေးပါတီတွေ အစည်းအဝေးလုပ်ပြီးတော့မှ ဘယ်ပုံစံနဲ့ ရွေးချယ်မလဲဆိုတာ အဲလိုမျိုး လုပ် သင့်တယ်လို့ ကျနော်တို့ ပါတီအနေနဲ့ အဲလို သဘောထား ပေးထားတာ ရှိတယ်လေ၊ နောက်ပြီးတော့ တိုင်းရင်းသား UPDJC ပါဝင်မှုမှာလည်း တိုင်းရင်းသားပါတီတွေနဲ့ တခြား အင်အားကြီး ပါတီတွေလည်း အချိုးပါဝင်မှုလည်း ဒါက ညှိနှိုင်းသင့်တယ်လို့ မြင်တာပေါ့လေ”ဟု ပြောသည်။

နိုင်ငံရေးပါတီ အစုအဖွဲ့သည် ငြိမ်းချမ်းရေးတွင် ပါဝင်ရန်အတွက် လုပ်ဆောင်နေခြင်းမှာ ကောင်းမွန်ကြောင်း ကရင်အမျိုးသား ဒီမိုကရတ်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

မန်းအောင်ပြည်စိုးက “နိုင်ငံရေးပါတီ အစုအဖွဲ့က ငြိမ်းချမ်းရေးပူးတွဲဆွေးနွေးမှုမှာ ပါဝင်ဖို့အတွက် လုပ်ဆောင်နေတာဟာ ငြိမ်းချမ်းရေးကို အမြန်မြင်စေချင်လို့၊ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ၊ အရင်တုန်းက လည်း UPDJC အစုအဖွဲ့များ ပြီးခဲ့တဲ့ ကျနော်တို့ အခုလည်း နိုင်ငံရေးပါတီက ပြန်လည်ပြီးတော့ အသက်ဝင် လှုပ်ရှားပြီးတော့ က ငြိမ်းချမ်းရေး မြန်မြန်ရနိုင်အောင်၊ ဒါမှမဟုတ်ရင်လည်း မြန်မြန်ဆွေးနွေးနိုင်အောင် ဒီနှစ်ကလည်း ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားတော့က အတတ်နိုင်ဆုံး အကောင်အထည် ဖော်နိုင်အောင် စီစဉ်ဆောင်ရွက်ခြင်းပဲ ဖြစ် တယ်လို့ ကျနော်တော့ အဲလို နားလည်တယ်လေ” ဟု ပြောသည်။

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထား သည်။

လက်ရှိတွင် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ယာယီ ၄ လတာ ကာလအနေဖြင့် ဖွဲ့စည်းခဲ့ရာ မတ်လက ပြည့်သွားသည့်အတွက် နောက်ထပ် ၂ လသက်တမ်းတိုးပေးထားကြောင်း၊ ထို့နောက် ဧပြီ ၂၇ ရက်တွင် စုဖွဲ့မှု အသစ်ကို ပြန်လည်ရွေးချယ်ကြမည်ဖြစ်သည်။