CNI International News

အစ္စလာမ္မာဘတ် ဧပြီ ၂၂

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ရာထူးမှ အဖြုတ်ချခံခဲ့ရသော အီမရန်ခမ်းသည် လက်ရှိအစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေး မတည်မငြိမ်ဖြစ်နေစဉ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် ဧပြီ ၂၁ ရက်၌ တောင်းဆိုခဲ့သည်။

ထို့နောက် ဆိုးရွားနေသော တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ကြီးမားသောစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီဟုလည်း အီမရန်ခမ်းက သတိပေးခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရသည်။

စီးပွားရေး၊ အုပ်ချုပ်မှုနှင့် နိုင်ငံခြားဆက်ဆံရေး လွဲချော်မှုကြောင့် လွှတ်တော်အတွင်း အတိုက်အခံများ စွပ်စွဲအပြစ်တင်လာ သည့် ‘အယုံအကြည်မရှိ’ အဆိုတင်သွင်းခြင်း ခံရပြီးနောက် အီမရန်ခမ်းနှင့်အတူ အောက်လွှတ်တော်မှ အမတ် ၁၀၀ ကျော် နုတ်ထွက်ပေးခဲ့ရသည်။

“အမှားလုပ်မိတဲ့ သူတိုင်းအတွက် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်” ဟု လာဟိုးမြို့၏ အရှေ့ဘက်တွင် လူပေါင်းသောင်းနှင့်ချီ၍ တက်ရောက်သော အခမ်းအနားတစ်ခု၌ အီမရန်ခမ်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ နှောင့်နှေးနေခဲ့လျှင် အစ္စလာမ္မာဘတ် မြို့တော်အထိ ချီတက်ကြရန် ၎င်းကို ထောက်ခံသူများအား အီမရန်ခမ်း က တိုက်တွန်းတောင်းဆိုခဲ့သည်။

“ကျနော် ပြောမယ့်အချိန်ကို စောင့်ကြပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ်အသစ် ရှာဘတ်ရှရစ်ဖ်(GETTY IMAGES)

နာမည်ကျော် ခရစ်ကတ် အားကစားသမားဟောင်း တစ်ဦးဖြစ်သူ ခမ်းသည် အားကစားလောကမှ နိုင်ငံရေးလောကထဲသို့ ကူးပြောင်းရောက်ရှိလာသူ ဖြစ်သည်။

“အမေရိကန်သည် မိမိကျဆုံးမှုများ၏ နောက်ကွယ်တွင် ရှိနေကြောင်း” ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။ ထိုစွပ်စွဲချက်ကို အမေရိကန်က ပြန်လည်ငြင်းဆိုခဲ့ပြီး ပါကစ္စတန်၏ ထိပ်တန်း ထောက်လှမ်းရေးခေါင်းဆောင် ခန့်အပ်ရေးကိစ္စအတွက် စစ်တပ်နှင့်ဝန်ကြီးချုပ်ဟောင်းတို့ သဘောထား ကွဲလွဲမှုကြောင့်ဟု ချေပခဲ့သည်။

ဝန်ကြီးချုပ်အသစ် ရှာဘတ်ရှရစ်ဖ်သည် အီမရန်ခမ်းကို ဖြုတ်ချရန်အတွက် စည်းလုံးသော အတိုက်အခံနိုင်ငံရေး ပြိုင်ဘက် ဟောင်းများဖြင့် စုစည်းဖွဲ့စည်းထားသည့် ပါတီစုံ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဧပြီ ၁၉ ရက်တွင် ကြေညာခဲ့သည်။

ပါကစ္စတန်စစ်တပ်သည် တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် အီမရန်ခမ်း အနိုင်ရခဲ့စဉ်က ၎င်းနှင့်‌ ရှေးရိုးစွဲ (ကွန်ဆာဗေးတစ်) အစီအစဉ်များကို စစ်တပ်က အကောင်း ဘက်မှ ရှုမြင်ခဲ့သည်။

နောက်ပိုင်းတွင် ခမ်း၏ အစိုးရအဖွဲ့ဝင်များ ခန့်အပ်မှုနှင့် စီးပွားရေး ပြဿနာများကြောင့် ထောက်ခံမှု လျော့ကျလာခဲ့သည်။

Source: Reuters