CNI International News

အစ္စလာမ္မာဘတ်၊ မေလ ၁၂

ပါကစ္စတန် ဗဟိုတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း(Imran Khan)အား ဖမ်းဆီးထားခြင်းသည် တရားမဝင်ကြောင်း အမိန့်ချမှတ်ကာ ၎င်းအား ချက်ချင်း ပြန်လွှတ်ပေးရန် အမိန့်ပေးခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြသည်။

အကျင့်ပျက် ခြစားမှု စွပ်စွဲချက်များနှင့် ၎င်းအား ထိန်းသိမ်းခဲ့မှုကြောင့် အကြမ်းဖက် ဆန္ဒပြမှုများ ပေါ်ပေါက်လာ ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ထိုသို့ အမိန့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ဗဟိုတရားရုံး၏ ကြာသပတေးနေ့ တရားစီရင်မှုပြီးနောက် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်မှုများ လျော့ကျသွား ပုံရသည်။

သို့သော် တရားရုံး အဆောက်အဦ အနီးတွင် အမိန့်နှင့်ပတ်သက်၍ အောင်ပွဲခံနေရကြသော ခမ်းအား ထောက်ခံသူ များနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားမှု တစ်ချို့တော့ ရှိခဲ့သည်။

အစိုးရဘက်ကလည်း တရားရုံး ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်ခဲ့ကာ PTI ပါတီခေါင်းဆောင်အား ဖမ်းဆီးရန် အတွက် တခြားသော တရားဝင် သက်သေများကို ရှာဖွေသွားမည်ဟု ပြောသည်။

အသက် ၇၀ နှစ်အရွယ် ခမ်းသည် အင်္ဂါနေ့ တရားရုံးထုတ်မှု တစ်ခုတွင် အကျင့်ပျက်ခြစားမှု စွဲချက်တစ်ခုဖြင့် အမျိုးသား တာဝန်ယူမှုဆိုင်ရာဗျူရို (NAB)၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

 ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနူလာ ခမ်းကို တွေ့ရစဉ်

ဖမ်းဆီးမှုကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက် ဆန္ဒပြမှုများကို ဖြစ်စေခဲ့ကာ တည်ငြိမ်မှုကို ထိန်းသိမ်းရန် အစိုးရသည် ပါကစ္စတန်စစ်တပ်ကိုပင် အကူအညီ တောင်းခံခဲ့ရသည်။

ခမ်း၏ PTI ပါတီအား ထောက်ခံသူများသည်လည်း နေရာအနှံ့အပြားတွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ခဲ့သည်။

ထို့နောက် ၎င်းတို့(PTI ပါတီ)သည် စစ်တပ်နှင့် အစိုးရပိုင် အဆောက်အဦများကို တိုက်ခိုက်ရုံမက စစ်တပ်၏ ဌာနချုပ်များအား ဝင်ရောက် စီးနင်းရန် ကြိုးပမ်းခဲ့သလို လာဟိုး (Lahore)ရှိ ထိပ်တန်းအရာရှိ တစ်ဦး၏ နေအိမ်ကိုလည်း မီးရှို့ခဲ့ကြသည်။

ထိုသို့သော ပဋိပက္ခများအတွင်း လူ ၂၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကာ အနည်းဆုံး ၁၁ ဦး သေဆုံး၍ များစွာ ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိ အချိန်အထိ ခမ်း အိမ်ကို ပြန်နိုင်မည်လား ဆိုခြင်းကိုတော့ မသိရသေးပေ။ တရားရုံးအမိန့်တွင် PTI အကြီး အကဲ အနေဖြင့် အစ္စမ္မာဘတ် (Islamabad) ရှိ ရဲတပ်ဖွဲ့ဝင်းအတွင်း ရဲအစောင့်အရှောက်ဖြင့် ဆက်နေရမည်ဟု ပါဝင်သည်။

ခမ်းသည် ထိန်းသိမ်းခံရစဉ်ကတည်းက ယင်း၌ ရှိနေခြင်း ဖြစ်သည်။

PTI  ပါတီ၀င်များနဲ့ ထောက်ခံသူများကိုတွေ့ရစဉ်

ယခင်က တရားဝင်ဟု သတ်မှတ်ထားသော ဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားရန် ခမ်းအား သောကြာနေ့ တွင် အစ္စလာမ္မာဘတ် ဗဟိုတရားရုံးချုပ်သို့ လာရောက်ရန် တရားသူကြီးချုပ် အူမာအာတာဘန်ဒီရယ် (Umar Ata Bandial) က တောင်းဆိုခဲ့သည်။

ခမ်းဘက်ကလည်း ၎င်းအား အကျင့်ပျက် ခြစားမှု စွဲချက်များဖြင့် ထပ်မံဖမ်းဆီးခြင်း မလုပ်ရန် တရားရုံးတွင် အကာအကွယ်ပေးရေး တောင်းဆိုသွားဖွယ် ရှိနေသည်။

သို့သော် ၎င်းအား ဖမ်းဆီးသွားဦးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနူလာ ခမ်း (Rana Sanaullah Khan) က ပြောသည်။

ပါကစ္စတန် အစိုးရအရာရှိ များသည်လည်း တရားရုံး၏ အမိန့်ကို ဝေဖန်ပြစ်တင်ခဲ့ကာ တရားသူကြီးချုပ်သည် ခမ်းနှင့်ပတ်သက်၍ ဘက်လိုက်နေသည်ဟု စွပ်စွဲကြသည်။

တရားသူကြီးချုပ် အနေဖြင့် ဗဟိုတရားရုံးတွင် ခမ်းပါတီ၏ အလံအား လွှင့်ထူထားခြင်း သို့မဟုတ် တရားရုံးသည် PTI ၏ ရုံးခွဲဖြစ်ပါသည်ဟု ကြေညာခြင်း လုပ်ဆောင်သင့်ကြောင်း ဝန်ကြီးချုပ်၏ အကြံပေးတစ်ဦးက ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည်။

Source: Aljazeera