CNI International News

အိုကီနာဝါ၊ မေလ ၁၂

တရုတ်က ထိုင်ဝမ်အား ကျူးကျော်ချိန်တွင် ဂျပန်နိုင်ငံသည် ပဋိပက္ခ၌ ပါဝင်ပတ်သက်နေမည်ကို ဂျပန်လူမျိုးများ က စိုးရိမ်နေကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

အဆာဟိရှင်ဘွန်း(Asahi Shimbun) သတင်းစာမှ ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် အရွယ်ရောက်ပြီး ဂျပန် လူမျိုး အယောက် ၃၀၀၀ ၏ ၈၀ ရာခိုင်နှုန်းက စိုးရိမ်ကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်တမ်းကောက်ယူမှု ရလဒ်နှင့် ပတ်သက်၍ အံ့သြခြင်း မဖြစ်မိဟု နိုင်ငံရေးလေ့လာသူများနှင့် ဂျပန် နိုင်ငံရေး နယ်ပယ်အတွင်းရှိ အဖွဲ့ဝင်များက ပြောသည်။

တရုတ်ကသာ ထိုင်ဝမ်ကို ကျူးကျော်မည်ဆိုလျှင် အမေရိကန်သည် ထိုင်ဝမ်ဘက်ကို အကူအညီပေးမည်ဟု အားလုံးက သတ်မှတ်ထားသည်။

စစ်တပ်အင်အား မြှင့်တင်မှု ပေါင်းများစွာ လုပ်ဆောင်ထားသော ဂျပန်အစိုးရသည်လည်း တရုတ်၏ ထိုင်ဝမ်အပေါ် ကျူးကျော်မှုက ဂျပန်အတွက်လည်း ပြင်းထန်သော ခြိမ်းခြောက်မှုကို ဖြစ်စေသည်ဟု ပြောခဲ့ဖူးသည်။

ထိုင်ဝမ်ကိုတွေ့ရစဉ်

ဂျပန်အတွက် လိုအပ်သော စွမ်းအင် ၉၀ ရာခိုင်နှုန်း၊ အစားအစာ ၆၀ ရာခိုင်နှုန်းတို့အား သယ်ယူရန် အသုံးပြုသည့် ပင်လယ်လမ်းကြောင်းများကို တရုတ်ဘက်က ထိန်းချုပ်ခွင့် ရှိသွားမည် ဖြစ်ခြင်းကြောင့်ပင်။
ဂျပန်အစိုးရအနေဖြင့် တရုတ်၏ တိုက်ခိုက်မှုကို တွန်းလှန်ရန် ကြည်း၊ရေ၊လေ တပ်များ သုံးမည်ဟု ကြေညာထား ခြင်း မရှိသော်လည်း ရေတပ်နှင့်လေတပ်တို့အား အဆင့်မြှင့်တင်ရန် အသုံးစရိတ်များစွာ အသုံးပြုထားခြင်းက ကြို တင် ပြင်ဆင်ထားသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

စစ်ဘက် အသုံးစရိတ် တိုးမြှင့်ခြင်းကြောင့် ပဋိပက္ခဖြစ်ချိန်တွင် ဂျပန်အနေဖြင့် မည်သည့်နေရာတွင် ရှိနေမည်လဲ ဆိုသည့် ငြင်းခုံမှုများကို ဖြစ်စေခဲ့သည်။

စစ်တမ်းအရ ၅၆ ရာခိုင်နှုန်းသည် ဂျပန်၏ ကိုယ့်ကိုယ်ကို ကာကွယ်ရေးတပ်ဖွဲ့များ(JSDF) အနေဖြင့် အမေရိကန် တပ်များသို့ သယ်ယူပို့ဆောင်ရေး၊ လောင်စာ၊ အစားအစာနှင့် ဆေးဝါးကဲ့သို့ အကူအညီများ ထောက်ပံ့ခြင်းကို ကန့်သတ်သင့်သည်ဟု ပြောသည်။

၁၁ ရာခိုင်နှုန်းကသာလျှင် ဂျပန်စစ်တပ်အနေဖြင့် အမေရိကန်နှင့် ပူးပေါင်းကာ ကျူးကျော်မှုကို တွန်းလှန်သင့် သည်ဟု ဖြေဆိုခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ရန်ယာဘူကီကို တွေ့ရစဉ်

ပြည်သူအများစုက စစ်ကို မလိုချင်ကြောင်း၊ အိုကီနာဝါ (Okinawa) တွင် ရှိသူအများစုသည်လည်း ထိုင်ဝမ် အရေး ဂျပန်စစ်တပ် ပါဝင်ခြင်းကို ကန့်ကွက်သည်ဟု စီရင်စု၏ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ရှီနာကို အိုယာကာဝါ (Shinako Oyakawa)က ပြောသည်။

ထိုင်ဝမ်နှင့် အိုကီနာဝါတို့သည် နီးကပ်နေခြင်းကြောင့် ယင်းရှိတိုက်ပွဲသည် ဂျပန်မှ ပြည်သူများအပေါ် တိုက်ရိုက် လွှမ်းမိုးမှု ရှိလာနိုင်ကြောင်း၊ အိုကီနာဝါ ဒေသခံများသည် စစ်၏ ဆိုးရွားမှုကို ကြုံတွေ့ခဲ့ရပြီးဖြစ်ကာ ယင်းကို နောက်တစ်ကြိမ် ထပ်မကြုံလိုကြကြောင်း၊ သို့သော် ဂျပန်အစိုးရအနေဖြင့် ထိုင်ဝမ်အရေးတွင် ပါဝင်ပတ်သက်ပါ က ယင်းသည် သေချာပေါက် ပြန်ဖြစ်လာမည်ဖြစ်ကြောင်းလည်း သူမက ပြောခဲ့သည်။

အိုကီနာဝါ ဒေသခံများသည် လက်ရှိ ဒေသတွင်းရှိ တင်းမာမှုများနှင့် ပတ်သက်၍ နှစ်သက်မှု မရှိကြောင်း၊ သို့သော် ယင်းသည် တရုတ်၏ ဖိအားတိုးမြှင့်မှုဒဏ် ခံစားနေရသည့် ထိုင်ဝမ်ပြည်သူများအပေါ် ကိုယ်ချင်း မစာချင်း မဟုတ် ကြောင်းလည်း အိုယာကာဝါက ပြောသည်။

လက်နက်ကိုင် တိုက်ပွဲများတွင် ဂျပန်စစ်တပ် ပါဝင်လာမည်ကို ကန့်ကွက်သည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ရန်ယာဘူကီ (Ren Yabuki) က ပြောသည်။

လက်နက်ကိုင် ဖြေရှင်းခြင်းကို အားမပေးကြောင်း၊ နိုင်ငံရေးအရသာ အဖြေရှာသင့်ကြောင့်လည်း ၎င်းက ထောက် ပြသည်။

ပင်လယ်ကွေ့ စစ်ပွဲ အပါအဝင် JSDF သည် တခြားသော နိုင်ငံတပ်ဖွဲ့များသို့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အထောက်အပံ့များ ပေးခဲ့ဖူးသော်လည်း ယာဘူကီက ယင်းကို လက်မခံပေ။
JSDF သည် ဂျပန်၏ ကာကွယ်ရေးအတွက် သက်သက်သာ ဖြစ်သင့်သည်ဟုလည်း ၎င်းက ပြောသည်။

 

 

 

 

 

 

 

Source: DW