CNI International News

ကန်ဘာယာ၊ မေလ ၄

တရုတ်နှင့် စစ်ဖြစ်ခဲ့လျှင် ထိုင်ဝမ်အနေဖြင့် ၎င်းတို့ဘာသာ တိုက်ခိုက်သွားရန် ရည်ရွယ်ထားကြောင်း၊ ၎င်းတို့ ဘေးတွင် မည်သည့်နိုင်ငံက ဝင်ရောက် ရပ်တည်ပေးမည်လဲ ရှင်းရှင်းလင်းလင်း မသိရှိထားကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်ဟု AP သတင်းမှ ဖော်ပြခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အား ၎င်းတို့နယ်မြေအဖြစ် သတ်မှတ်ကာ လိုအပ်ပါက အင်အားသုံး ထိန်းချုပ်သွားမည်ဟု ပြောထားသည်။

ထို့ကြောင့် စစ်ပွဲတစ်ခု ပေါ်ပေါက်လာနိုင်ခြေနှင့် ပတ်သက်သည့် စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

Sky News Australia နှင့် အင်တာဗျူး တစ်ခုတွင် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူ (Joseph Wu)က ထိုင်ဝမ် အနေဖြင့် မိမိကိုယ်ကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် တိုက်ခိုက်ပေးရန် တခြားနိုင်ငံများကို အကူအညီ တောင်းမည် မဟုတ်ဟု ပြောသည်။

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် နီကိုလပ်စ် ဘန်းစ်ကိုတွေ့ရစဉ်

တရုတ်နှင့် စစ်ဖြစ်ခဲ့လျှင် ၎င်းတို့ဘေး၌ မည်သည့်နိုင်ငံ ရှိနေမည်လဲဟု ထပ်မံ မေးမြန်းရာတွင် ဝူက မဟာဗျူဟာ ပိုင်းဆိုင်ရာ ပြတ်သားမှု၊ မပြတ်သားမှုနှင့် ပတ်သက်၍ လူပေါင်းများစွာက ငြင်းခုံနေကြကြောင်း၊ ၎င်းတို့ အနေဖြင့် မိမိတာဝန်ကို သိရှိသဘောပေါက်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်ဝမ်သားများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရန်လည်း ဆုံးဖြတ်ထားကြောင်း၊ ထိုင်ဝမ်အတွက် တိုက်ခိုက်ပေးရန် တခြားနိုင်ငံများကို အကူအညီ တောင်းဆိုသွားမည် မဟုတ်ကြောင်း ပြောသည်။

အမေရိကန် တပ်ဖွဲ့များက ထိုင်ဝမ်ကို ကာကွယ်ရေး ပါဝင်ကူညီသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က မကြာခဏ ပြောဆိုခဲ့သော်လည်း တပ်ဖွဲ့များ စေလွှတ်ရေးနှင့် ပတ်သက်၍ အမေရိကန်၏ တရားဝင် မူဝါဒသည် ပြတ်သားမှု မရှိသေးပေ။

အမေရိကန်၏ ထိုင်ဝမ်နှင့် ပတ်သက်သည့် ချဉ်းကပ်မှုသည် မပြောင်းလဲကြောင်း၊ ထိုင်ဝမ် ရေလက်ကြား တစ်လျှောက် မပြေလည်မှုများကို ငြိမ်းချမ်းစွာ အဖြေရှာရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် နီကိုလပ်စ် ဘန်းစ် (Nicholas Burns) က ပြောခဲ့သည်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရတ်ချက် မားလက်စ်ကိုတွေ့ရစဉ်

အမေရိကန် အနေဖြင့် ထိုင်ဝမ်အား ကာကွယ်ရေး လက်နက်များ ထောက်ပံ့ရန် တာဝန်နှင့် စိတ်ဝင်စားမှုရှိ ကြောင်း၊ ယင်းက ထိုင်ဝမ် အာဏာပိုင်များအတွက် သင့်တော်သော ကာကွယ်မှုကို ဖြစ်စေပြီး အမေရိကန်အနေ ဖြင့် အဟန့်အတားတစ်ခု တည်ဆောက်ရေး ကူညီသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ထိုင်ဝမ်အနေဖြင့် သင့်တော်သော အဟန့်အတား တစ်ခု ရှိထားလျှင်၊ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ငြိမ်းချမ်းသော အဖြေတစ်ခုကို ထောက်ပံ့ပေးနိုင်လျှင် ယင်းက ထိုင်ဝမ် ရေလက်ကြားတွင် အင်အား အသုံးပြုခြင်းနှင့် ပတ် သက်သည့် အကျိုးဆက်များအပေါ် တရုတ်အနေဖြင့် နားလည် လာနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

သြစတြေးလျ အနေဖြင့်လည်း အမေရိကန်၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ရရှိရန် သဘောတူညီချက်တွင် ထိုင်ဝမ်အရေး ပဋိပက္ခများ၌ အမေရိကန်အား ဝင်ရောက်ကူညီပေးရန် ကတိကဝတ် ပြုထားခြင်းမရှိဟု သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရတ်ချက် မားလက်စ် (Richard Marles)က ပြောသည်။

Source:AP