CNI International News

ဘန်ကောက်၊ မေလ- ၄

ထိုင်းနိုင်ငံသို့ မကြာခင် ပြန်လာမည့် ကိစ္စနှင့် ပတ်သက်သည့် ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထရာ (Thaksin Shinawatra) ၏ တွစ်တာပို့စ် တစ်ခုသည် နိုင်ငံရေးပါတီများထံမှ မတူညီသော တုံ့ပြန်မှုများကို ရရှိခဲ့သည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။

သက်ဆင်သည် ၎င်း၏ဆန္ဒအလျှောက် ထိုင်းနိုင်ငံပြင်ပတွင် ကာလအတန်ကြာ နေထိုင်နေသူ ဖြစ်သည်။

သက်ဆင်အနေဖြင့် ထိုင်းဥပဒေအား လေးစားလိုက်နာ နေသရွေ့ ၎င်း၏ ပြည်တော်ပြန် ခရီးသည် ကြာမြင့်နေဦး မည်ဟု ဘွမ်ဂျိုင်ထိုင်း (Bhumjaithai)ပါတီ ခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က အင်္ဂါနေ့တွင် ပြောခဲ့သည်။

တနင်္လာနေ့တွင် ရေးသားခဲ့သော သက်ဆင်၏ နောက်ဆုံး တွစ်တာပို့စ်တွင် အသက် ၇၃ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် ဟောင်းက ၎င်းအနေဖြင့် မြေးများကို စောင့်ရှောက်ရန် ထိုင်းသို့ ပြန်လာချင်သည်ဟု ရေးသားထားသည်။

ထိုပြောဆိုမှုက MFP အား ပြည်သူ့ထောက်ခံမှုကို ထိခိုက်စေမည်ဟု မထင်ကြောင်း Move Forward Party (MFP) ၏ ပြောခွင့်ရပုဂ္ဂိုလ် ရန်းဆီမာ ရို့စ် (Rangsima Rome) က ပြောသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုတွေ့ရစဉ်

သက်ဆင်ကို ချစ်ကြသူ များစွာရှိကြောင်း၊ သက်ဆင်၏ ပြောစကားသည် ၎င်းတို့ပေါ်တွင်သာ အကျိုးသက်ရောက် မှုရှိကြောင်း၊ ယင်းသည် နိုင်ငံရေးဖြစ်စဉ် တစ်ခု ဖြစ်လာရန်အတွက် လုံလောက်မှု ရှိသည်ဟု မထင်ကြောင်း ၎င်းက ပြောသည်။

သက်ဆင်၏ ပြည်တော်ပြန် ခရီးစဉ်သည် မည်သည့်ပါတီက အစိုးရသစ်ကို ဦးဆောင်မည်လဲ ဆိုခြင်းနှင့် များစွာ သက်ဆိုင်နေသည်ဟုလည်း ရို့စ်က ပြောသည်။

United Thai Nation Party (UTN) ၏ မဟာဗျူဟာ အကြီးအကဲ ထာနာကွန်း ဝမ်ဘွန်ခေါင်ချနာ (Thanakorn Wangloonkongchana) ကလည်း သက်ဆင်အနေဖြင့် ထိုင်းနိုင်ငံသို့ ပြန်လာချင်သည်ဟု ပြောလေလေ၊ ပြည်သူ များ အနေဖြင့် ဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာ (Prayut Chan-o-cha) အား မည်မျှ သတိရကြောင်း ပြသ လေလေ ဖြစ်လိမ့်မည်ဟု မှတ်ချက်ပြုသည်။

လက်ရှိ အချိန်မှစ၍ မဲဆန္ဒရှင်များကြားတွင် ဖြူးထိုင်း (Pheu Thai) ပါတီအား ထောက်ခံသူနှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်အား ထောက်ခံသူဟု၍ နှစ်ပိုင်းကွဲသွားပြီဟုလည်း ထာနာကွန်းက ပြောသည်။

ဖြူးထိုင်းပါတီက သက်ဆင်ရဲ့ သမီး ပေတုန်တန်ကိုတွေ့ရစဉ်

တစ်ဖက်တွင်လည်း ညီညွတ်သော ရှပ်နီ ဒီမိုကရေစီ တပ်ဦး ( red-shirt United Front for Democracy) ၏ ဥက္ကဋ္ဌဖြစ်သူ ဂျာတူပွန်ပရွမ်ပန် (Jatuporn Prompan) က သက်ဆင်အား ထိုင်းသို့ ပြန်လာရန်အတွက် မည်သည့် အရာကမှ တားဆီးထားခြင်း မရှိဟု ပြောသည်။

၎င်းသည် ဖြူးထိုင်းပါတီအား ဝေဖန်သူများမှ တစ်ဦးလည်းဖြစ်သည်။

သက်ဆင် အနေဖြင့် ထိုင်းကို အချိန်မရွေး ပြန်လာနိုင်ခြင်းကြောင့် ပြန်လာခွင့်အတွက် ခွင့်ပြုချက် တောင်းရန် မလိုအပ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ၎င်းအား ဘန်ကောက် ရီမန်းထောင် (Bangkok Remand Prison) သို့ ခြံရံလိုက်ပို့ လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

Source: ဘန်ကောက်ပို့စ်