CNI International News

ကိယတ်ဗ်၊ မေလ ၄

ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ကရင်မလင်အား ယူကရိန်းဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှုကို ကြားဖြတ် ရှင်းလင်းခဲ့ရ ကြောင်း၊ ယင်းသည် သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) အား လုပ်ကြံမှုဖြစ်ကာ အကြမ်းဖက် လုပ်ရပ် အတွက် လက်တုံ့ပြန်သွားမည်ဟု ကတိပေးကြောင်း ရုရှားဘက်က ထုတ်ပြန်ခဲ့သည်။

သို့သော် ပူတင် သို့မဟုတ် ရုရှားနိုင်ငံအား တိုက်ခိုက်ခဲ့ခြင်းမရှိဟု ယူကရိန်းသမ္မတက ငြင်းဆန်ခဲ့ကြောင်း AP သတင်းမှ ဖော်ပြခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ပူတင်သည် ကရင်မလင်၌ ရှိမနေဘဲ မော်စကိုမြို့ပြင်ရှိ ၎င်း၏ Novo-Ogaryovo အိမ်၌ရှိနေခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ပတ်စ်ကော့ဗ် (Peskov) က ရုရှားနိုင်ငံပိုင်ရုပ်သံသို့ ပြောခဲ့သည်။

ကရင်မလင်အား တိုက်ခိုက်မှုသည် ဗုဒ္ဓဟူးနေ့ ညဘက်တွင် ဖြစ်ပွားခဲ့သည်ဟု ရုရှားအာဏာပိုင်များက ပြောသော် လည်း ထိုအခြေအနေနှင့် ပတ်သက်၍ လွတ်လပ်စွာ အတည်ပြုမှု မရှိသေးသလို သက်သေလည်း မပြသေးပေ။

တိုက်ခိုက်မှုနှင့် ပတ်သက်၍ အဘယ့်ကြောင့် နောက်ကျမှ ထုတ်ပြန်သလဲဟု မေးခွန်းများလည်း ပေါ်ထွက် လာနေသည်။

ထို့နောက် တိုက်ခိုက်ခံရမှု ဗွီဒီယိုဖိုင်ကိုလည်း မည်သည့်အတွက်ကြောင့် ချက်ချင်း မထုတ်ပြန် သလဲဟု မေးခွန်းများ ထွက်ပေါ်နေသည်။

ရုရှား သတင်းဌာနများတွင် တင်ထားသော ဗွီဒီယိုတစ်ခု၌ အဆောက်အဦများ ပေါ်တွင် မီးခိုးများ ထွက်နေသည်ကို မြင်တွေ့ခဲ့ရသည်။

ဇာလန်းစကီးကိုတွေ့ရစဉ်

သို့သော် ယင်းသည် အစစ်အမှန် ဟုတ်/မဟုတ်ကိုမူ အတည်မပြုနိုင်သေးပေ။

ဗွီဒီယိုတွင် ပါဝင်သော စာများတွင်လည်း အနီးအနားရှိ ဒေသခံများသည် မနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်ကွဲသံများကို ကြားခဲ့ပြီး မီးလောင်မှုအား မြင်တွေ့ခဲ့ရသည်ဟု ရေးသားထားသည်။

လူမှုကွန်ယက်တွင် ထွက်ပေါ်နေသည့် နောက်ထပ် ဗွီဒီယိုတစ်ခုတွင်လည်း ကရင်မလင်ရှိ ဆီးနိတ် နန်းတော်၏ အမိုးပေါ်တွင် ဒရုန်းတစ်ခု မီးလောင် ပျက်စီးသွားသည်ကို တွေ့ခဲ့ရသည်။

ရုရှား၏ သုံးရောင်ချယ် အလံလွှင့်ထူထားသည့် အလံတိုင် တစ်ခုအနီးတွင်ဖြစ်ကာ အပျက်အစီးများ အမိုးပေါ် ကျလာသည်ကိုလည်း တွေ့ရသည်။ သို့သော် ယင်းကိုလည်း စစ်မှန်ကြောင်း အတည်မပြုနိုင်သေးပေ။

တိုက်ခိုက်မှု တစ်စုံတစ်ရာ မလုပ်ခင် ရုရှားစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက ဒရုန်းကို တားဆီးနိုင်ခဲ့ကြောင်း၊ မည်သူမှ ထိခိုက်မှု မရှိခဲ့ကြောင်း ကရင်မလင်ဘက်က ပြောသည်။

ဒရုန်း၏ အပျက်အစီးများသည်လည်း ကရင်မလင်ထဲသို့ ကျရောက်ခဲ့ကြောင်း စစ်တပ်၏ တရားဝင် ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

သို့သော် ယူကရိန်းဘက်က မည်သည့် တိုက်ခိုက်မှုမှ မလုပ်ခဲ့ဟု သမ္မတ ဇာလန်းစကီးက ပြောသည်။

ရုရှား တိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ ယူကရိန်းအတွင်းက အဆောက်အဦများ

နော်ဒစ် (Nordic) ၅ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးရန်အတွက် ဟယ်လ်ဆင်ကီ (Helsinki)သို့ ရောက်နေချိန် ပြောခဲ့ခြင်း ဖြစ်သည်။

ပူတင် သို့မဟုတ် မော်စကိုအား တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ မိမိ၏ နယ်မြေအတွက်သာ တိုက်ခိုက်ကြောင်း၊ မိမိပိုင် ကျေးရွာများနှင့် မြို့များကိုသာ ကာကွယ်နေခြင်း ဖြစ်ကြောင်းလည်း ဇာလန်းစကီးက ပြောသည်။

ရုရှားအနေဖြင့် ယူကရိန်းမြို့ကြီးများရှိ အရပ်သား ဧရိယာများနှင့် အခြေခံ အဆောက်အဦများအား အပြင်းအထန် တိုက်ခိုက်ခဲ့မှုကို အကြောင်းပြချက်ပေးရန်အတွက် လုပ်ဇာတ်ထွင် နေခြင်းဟုလည်း ယူကရိန်းသမ္မတ အကြံပေးက ပြောသည်။

ရုရှားဘက်က ပြောစကား၏ မှန်ကန်မှုကို အတည်ပြုရန် မဖြစ်နိုင်သေးကြောင်းလည်း အိမ်ဖြူတော်ဘက်က ထုတ်ပြန်သည်။

Source: AP