CNI International News

လာဟိုး၊ မတ်လ ၉

ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း (Imram Khan) အား ထောက်ခံသူများနှင့် ပါကစ္စတန်ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ သုံးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းတို့ ရှိခဲ့သည်ဟုလည်း သိရသည်။

ပဋိပက္ခများသည် ပါကစ္စတန်အရှေ့ပိုင်း လာဟိုး (Lahore) မြို့တွင် ရွေးကောက်ပွဲ မဲဆွယ်မှု စတင်ရေး စီစဉ်ထား သည့် လူထူစုဝေးပွဲတစ်ခု မစတင်ခင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်အစိုးရက မဲဆွယ်စည်းရုံးမှုကို ပိတ်ပင်ထားသည်။ ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းသည် ပြီးခဲ့သည့်နှစ် က အယုံအကြည် မရှိကြောင်း လွှတ်တော်မဲခွဲမှုကြောင့် နှုတ်ထွက်ခဲ့ရပြီး ကတည်းက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုခဲ့သူ ဖြစ်သည်။

သို့သော် ဝန်ကြီးချုပ်သစ်က ထိုတောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပြီး ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ယခုနှစ် ကုန်ပိုင်းမှသာ ကျင်းပမည်ဟု ပြောခဲ့သည်။

အီမရန်ခမ်းကိုတွေ့ရစဉ်(GETTY IMAGES)

အီမရန်ခမ်းသည် ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သော နိုင်ငံရေး စုဝေးပွဲတစ်ခုတွင်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာ ရရှိခဲ့သည်။

လူထုစုဝေးပွဲ ကျင်းပမည့် နေရာတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပရန် ရှိနေသဖြင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိလာနိုင်သောကြောင့် ယင်းကို တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်နယ် သတင်းအချက်အလက်ဝန်ကြီး အေမာ မား(Amir Mir)က ပြောသည်။

အီမရန်ခမ်းအား ထောက်ခံသူများသည် လူစုခွဲရန် ပြောသော ရဲများကို တိုက်ခိုက်ခဲ့သည်ဟုလည်း ၎င်းက ပြော သည်။

ယင်းကို တုန့်ပြန်သည့် အနေဖြင့် ရဲတပ်ဖွဲ့က ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများနှင့် တုတ်များသုံးကာ လူစု ခွဲခဲ့ကြောင်း၊ ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကာ ခမ်း၏ PTI ပါတီမှ ဝန်ထမ်း ၁၂ ဦးကို ဖမ်းဆီး ခဲ့သည်ဟု မားက ပြောသည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နဲ့ အီမရန်ခမ်း ထောက်ခံသူများ ထိပ်တိုက်တွေ့စဉ် (AFP)

ပဋိပက္ခများအတွင်း အလုပ်သမားတချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့သည် ဖက်ဆစ်နည်းလမ်းများကို သုံးခဲ့ ကြောင်း ခမ်း၏ လက်ထောက်ဖြစ်သူ ရှာကွတ် မာမွတ် (Shafqat Mahmood)က ပြောသည်။

ရုပ်သံထုတ်လွှင့် မှုများတွင်လည်း ခမ်း၏ လာဟိုးမြို့ရှိ အိမ်အနီး နေရာများကို ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်နေသည်နှင့် အလုပ်သမားတချို့ သွေးထွက်သံယို ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

ခမ်းသည် တာဝန်ယူခဲ့စဉ် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အတွင်း ရရှိခဲ့သော နိုင်ငံတော် လက်ဆောင်များကို တရားမဝင် ရောင်းချမှု စွပ်စွဲချက်များကို ခုခံချေပရန် မတ်လ ၁၃ ရက်နေ့ တရားရုံးသို့ ဆင့်ခေါ်ခံထားရသူ ဖြစ်သည်။

Source: Reuters