CNI International News

အစ္စလာမ္မာဘတ်၊ မေလ ၂၅

တိုင်းပြည်အား တိုက်ခိုက်ခြင်းအတွက် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း (Imran Khan) ၏ ပါတီအား ဖျက်သိမ်းရန် အစိုးရမှ စဉ်းစားနေသည်ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက ပြောကြောင်း အယ်ဂျာဇီးလ်ယား သတင်းတွင် ဖော်ပြထားသည်။

ထိုဆုံးဖြတ်ချက်က ခမ်းအား ထောက်ခံသူများနှင့် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင် ပတ်သက်မှုများ အပေါ် ဒေါသ ထွက်မှုများကိုလည်း ဖြစ်လာစေနိုင်သည်။

ခမ်းသည် အရပ်ဘက် နိုင်ငံရေးသမားများနှင့် ပါကစ္စတန် စစ်တပ်တို့၏ ကာလရှည် အားပြိုင်မှုအတွင်း ပါဝင် ပတ်သက်လာသည့် နောက်ဆုံးလူ ဖြစ်သည်။

အီမရန်ခမ်းနှင့် အင်အားကြီး စစ်တပ်၏ အားပြိုင်မှုများကြောင့် အီမရန်ခမ်းအား ထောက်ခံသူများ၏ ဆန္ဒပြမှုများ နေရာအနှံ့တွင် ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် ဆိုးရွားသော စီးပွားရေး ပြဿနာများကို ကာလရှည် ရင်ဆိုင်နေရသည့် ပါကစ္စတန်၏ တည်ငြိမ်မှုနှင့် ပတ်သက်၍လည်း စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ကို တွေ့ရစဉ်

ခမ်း၏ PTI ပါတီသည် တိုင်းပြည်၏ အခြေခံ အကြောင်းအရာများအပေါ် ထိခိုက်စေနေကြောင်း၊ ယင်းကို သည်းခံ၍ မရကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ် (Khawaja Asif)က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

PTI အား ဖျက်သိမ်းရန် စဉ်းစားနေကြောင်း၊ ပါတီအား ဖျက်သိမ်းရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို လွှတ်တော်က အပြီးသတ် အတည်ပြုချက် ပေးရမည်ဟုလည်း ၎င်းက ပြောသည်။

ဆန္ဒပြမှုများ ပြုလုပ်နေသော ခမ်းအား ထောက်ခံသူများက ယခုလအတွင်း စစ်တပ် အဆောက်အဦများ၊ ရုံးချုပ် များနှင့် အစိုးရအဆောက်အဦများအပေါ် တိုက်ခိုက်ခြင်းကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုမှုနှင့် ပတ်သက်၍ PTI ပါတီ၏ ရှေ့နေဖြစ်သူ အလီဇာဖာ (Ali Zafar) က ထိုကိစ္စကို တရားရုံးတွင်သာ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း တစ်ဦးချင်းစီ၏ လုပ်ရပ်များအတွက် ပါတီတစ်ခုလုံးကို အပြစ် တင်၍ မရကြောင်း တုံ့ပြန်ခဲ့သည်။

အီမရန်ခမ်းကို တွေ့ရစဉ်

ခမ်းသည် စစ်တပ်၏ ထောက်ခံမှုဖြင့် ၂၀၁၈ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖြစ်သော်လည်း နှစ်ဖက်စလုံးက ယင်းကို ထိုအချိန်၌ ငြင်းဆန်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ခမ်းသည် စစ်ဗိုလ်ချုပ်ကြီးများနှင့် အကွဲအပြဲ ဖြစ်လာခဲ့ကာ ၂၀၂၂ ခုနှစ် အယုံအကြည် မရှိကြောင်း မဲခွဲမှု၌ ရှုံးနိမ့်ခဲ့သည့်အတွက် ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

ထို့နောက် ခမ်းသည် တစ်နိုင်ငံလုံးက ထောက်ခံသူများ၏အားဖြင့် ရွေးကောက်ပွဲကို စောလျင်စွာ ကျင်းပပေးရန် တောင်းဆိုခဲ့သော်လည်း ထိုတောင်းဆိုမှုကို အီမရခမ်း၏နေရာကို အစားဝင်သည့် ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ် (Shehbaz Sharif)က ပယ်ချခဲ့သည်။

ခမ်းသည် အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်များစွာဖြင့်လည်း ရင်ဆိုင်နေရသည်။

သို့သော် ခမ်းကတော့ ထိုစွဲချက်များသည် မဟုတ်မှန်ကြောင်း၊ ၎င်းအား ရွေးကောက်ပွဲ မဝင်နိုင်စေရေးအတွက် နိုင်ငံရေးအရ လုပ်ကြံမှုသာ ဖြစ်ကြောင်း ငြင်းဆို တုံ့ပြန်ထားသည်။

Source: အယ်ဂျာဇီးလ်ယား