CNI International News

လာဟိုး၊ မတ်လ ၁၆

ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း (Imran Khan) အား ဖမ်းဆီးနိုင်ရေး စစ်ဆင်ရေးကို ခေတ္တရပ်ဆိုင်းရန် ပါကစ္စတန်တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့တွင် အမိန့်ချမှတ်ခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

ယင်းကြောင့် ဝန်ကြီးချုပ်ဟောင်းအား ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခများသည်လည်း ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

ခမ်း၏ လာဟိုးနေအိမ်အနီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထွက်ခွာသွားခဲ့ကြပြီဖြစ်ပြီး ယင်းက ဘဏ္ဍာရေးဆိုင်ရာ ပဋိပက္ခနှင့် ရင်ဆိုင်နေရသည့် နျူကလီးယားပိုင်ရှင် ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေးဆိုင်ရာ မတည်မငြိမ်ဖြစ်မှု များကို လျော့ပါးသွားစေခဲ့သည်။

ခမ်းအားဖမ်းဆီးရန်ကြိုးပမ်းမှုကို ကြာသပတေးနေ့အထိ ရပ်နားထားရန် လာဟိုးတရားရုံးတစ်ခုက ရဲတပ်ဖွဲ့အား အမိန့်ထုတ်ပြန်ခဲ့သည်ဟု ပြည်နယ်သတင်းအချက်အလက်ဝန်ကြီး အေမာမား (Amir Mir) က ပြောသည်။ ခမ်း၏ နေအိမ်နှင့် ကီလိုမီတာအနည်းငယ်အကွာရှိ အားကစားကွင်းတွင် ကျင်းပမည့် ခရစ်ကတ်ပွဲအတွက် လုံခြုံရေး တပ်ဖွဲ့များကို ရုပ်သိမ်းခဲ့ရခြင်းဖြစ်သည်ဟု ပါကစ္စတန်ရဲအရာရှိတစ်ဦးက အစောပိုင်းတွင် ပြောခဲ့သည်။

ပါကစ္စတန်မြို့တော် အစ္စလာမ္မာဘတ် (Islamabad) ရှိ အောက်တရားရုံးတစ်ခုက စွပ်စွဲချက်များကို ဖြေရှင်းရေး၊ တရားရုံးသို့ လာရောက်ရန်အမိန့်ကို ဖီဆန်မှုအတွက် ခမ်းကို ဖမ်းဝရမ်းထုတ်ခဲ့သည်။ ခမ်းသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ် နိုင်ငံခြားကိုယ်စားလှယ်များပေးသော လက်ဆောင်များကို တရားမဝင်ရောင်းချခဲ့မှုဖြင့် တရားစွဲဆို ခံထားရသူလည်း ဖြစ်သည်။

လာဟိုးတွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ထောက်ခံအားပေးသူများ၏ ပဋိပက္ခဖြစ်စဉ်အတွင်း ကားများအား မီးရှို့ဖျက်ဆီးထားသည့်နေရာအနီး၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

“မဖမ်းဆီးပါဘူး”ဟု အာမခံချက်ပေးသော လုံခြုံရေးစာချုပ်တစ်ခုတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ခမ်းက တွစ်တာတွင် ရေးသားခဲ့ပြီး ခမ်း၏ပါတီက ၎င်းအားလိုက်လံဖမ်းဆီးနေခြင်းကို ရပ်တန့်ရန် ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့သည်ဟု လက်ထောက်ဖြစ်သူက ပြောသည်။

ပြန်ကြားရေးဝန်ကြီး မာရီယန် အူရန်းဇဘ် (Mrriyum Aurangzeb) ၏ ပြီးခဲ့သည့်နှစ် ထုတ်ပြန်ခဲ့သော စာရင်းတွင် ခမ်းအား နိုင်ငံခြားကိုယ်စားလှယ်များမှပေးခဲ့သည့် လက်ဆောင်များတွင် ရူပီး ၈၅ သန်းတန်နာရီတစ်လုံး အပါ အဝင် နာရီခုနှစ်လုံးပါဝင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ရိုက်တာ သတင်းဌာနမှ သီးသန့်အတည်မပြုနိုင်သော်လည်း ထိုစာရင်းတွင် ရေမွှေးများ၊ စိန်ထည်များနှင့် ညစာစားပွဲ အစီအစဉ်များလည်း ပါဝင်နေသည်။

သို့သော်ဝန်ကြီးချုပ်ဟောင်းက ၎င်းသည် မည်သည့်အမှားအယွင်းမှ လုပ်ဆောင်ခဲ့ခြင်းမရှိဟု ပြောဆိုထားသည်။

Source:Reuters