CNI International News

လာဟိုး၊ ဇွန်လ ၅

ပါကစ္စတန်စစ်တပ်နှင့် ထောက်လှမ်းရေးအေဂျင်စီတို့သည် မိမိ၏ နိုင်ငံရေးပါတီကို ဖျက်ဆီးရန် ဗြောင်ကျကျ ကြိုးပမ်းနေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း (Imran Khan) က စွပ်စွဲပြောဆိုခဲ့သည်။

ထို့နောက် ၎င်းကို စစ်ခုံရုံးတစ်ခုတွင် ရုံးတင်ကာ ထောင်ချပစ်လိုက်မည်ဆိုခြင်းကို သံသယမရှိကြောင်း ပြောခဲ့ သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

စစ်တပ်သည် သူ၏ Pakistan Tehreek-e-Insaf(PTI)ပါတီအား နှိမ်နင်းရန် လုပ်ဆောင်နေသည်ဟု ခမ်းက မကြာခဏဆိုသလို ပြောဆိုခဲ့ဖူးသော်လည်း ဇွန်လ ၃ ရက်နေ့ညဘက်က သူ၏လာဟိုး (Lahore) နေအိမ်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူး ပြောစကားများကဲ့သို့ ဗြောင်ကျကျ မရှိခဲ့ပေ။

ပါတီအား ချေမှုန်းမှုများ နောက်ကွယ်တွင် မည်သူရှိပါသနည်းဟု မေးမြန်းခဲ့ရာတွင် အဖွဲ့အစည်းတစ်ခု ရှိနေသည် ဟု ခမ်းက ပြောသည်။

 

PTI ပါတီထောက်ခံသူများကို တွေ့ရစဉ်

စစ်တပ် အဖွဲ့အစည်းကို ရည်ညွှန်းခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် လက်ရှိတွင် ပေါ်ပေါ်တင်တင် လုပ်ဆောင်လာပြီး သိုသိုသိပ်သိပ်တောင် မရှိတော့ကြောင်း ခမ်းက ပြောသည်။

ထိုပြောစကားနှင့် ပတ်သက်၍ စစ်တပ်ဘက်ကို ဆက်သွယ် မေးမြန်းခဲ့ရာတွင် ယင်း၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက မေးမြန်းမှုကို တုံ့ပြန်ခဲ့ခြင်း မရှိသေးပေ။

ပါကစ္စတန်စစ်တပ်သည် နိုင်ငံ၏ ၇၅ နှစ်ကြာ သက်တမ်းအတွင်း နိုင်ငံရေးတွင် တိုက်ရိုက်တစ်ဖုံ၊ သွယ်ဝိုက်၍ တစ်နည်းဖြင့် ပါဝင်ပတ်သက်နေခဲ့ကာ ယခုခမ်း၏ ပြောဆိုမှုကဲ့သို့ ပြည်သူများ၏ ဝေဖန်မှုနှင့် များများစားစား မကြုံခဲ့ရဖူးချေ။

ခမ်းနှင့် ပါကစ္စတန်စစ်တပ်တို့၏ နှစ်ရှည်ကြာ မတင်မကျ အခြေအနေသည် ခမ်းအား ထောက်ခံသူများဟု စွပ်စွဲ ခံထားရသည့် ဆန္ဒပြသူများက စစ်တပ် အဆောက်အဦများနှင့် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခဲ့သော ပြီးခဲ့သည့် လမှစ ၍ ပိုမိုပြင်းထန်လာခဲ့သည်။

ထိုကဲ့သို့ နိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှုများက ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများရှိနေသော ပါကစ္စတန်အတွက် မတည်ငြိမ်မှုများကိုလည်း ဖြစ်စေခဲ့သည်။

ယင်း၏ ဒေါ်လာ ဘီလီယံ ၃၅၀ တန် စီးပွားရေးသည်လည်း အကြွေးမဆပ်နိုင်မှု၊ စံချိန်တင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် ငွေကြေးတန်ဖိုး ကျဆင်းမှုများကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။

၎င်းအား ယာယီဖမ်းဆီးမှုပြီးနောက် ပေါ်ပေါက်လာခဲ့သည့် အကြမ်းဖက် ဆန္ဒပြမှုများသည် ၎င်းအား ပစ်မှတ်ထား သော လုပ်ကြံမှုများသာ ဖြစ်သည်ဟု ခမ်းက သတ်မှတ်သည်။

ထိုအကြမ်းဖက် ဆန္ဒပြမှုများကြောင့် အာဏာပိုင်များသည် ခမ်း၏ ပါတီဝင်များ အပါအဝင် လူပေါင်းများစွာကို စစ်ခုံရုံးတွင် ရုံးတင်စစ်ဆေးခဲ့သည်။

 

PTI ပါတီထောက်ခံသူများကို တွေ့ရစဉ်

စစ်ခုံရုံးတွင် စစ်သားများနှင့် နိုင်ငံတော်၏ ရန်သူဟု သတ်မှတ်ခံရသူများကိုသာ ပုံမှန်စစ်ဆေးလေ့ ရှိသည်။

ထိုသတ်မှတ်ချက်သည် ၎င်းအား ထောင်ချရန်အတွက် စစ်တပ်ဘက်က လုပ်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း ခမ်းကပြောသည်။

စစ်တပ်သည် လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ၎င်းကို ပါဝင်ခွင့် မပေးလိုဟု အီမရန်ခမ်းက ပြောသည်။

၎င်းအပေါ် စွပ်စွဲထားသော စွဲချက် ၁၅၀ ခန့်သည်လည်း ပြင်းထန်မှုမရှိကြောင်း၊ ယင်းတို့ကို အရပ်ဖက် တရားရုံး တွင် စစ်ဆေးမှု လုပ်ဆောင်နိုင်ကြောင်းလည်း ခမ်းက ပြောသည်။

ထို့ကြောင့် စစ်တပ်သည် မည်သည့် နည်းနှင့်ဖြစ်စေ ၎င်းအား ထောင်ဒဏ် ပေးမည်မှာ သေချာသည်ဟုလည်း ခမ်းက ပြောသည်။

ခမ်းသည် အာမခံဖြင့် လွတ်မြောက်နေသူဖြစ်ကာ စစ်ခုံရုံးများသည် ၎င်းအား ထောင်ချရန် ရည်ရွယ်ခြင်း သက်သက်ဟုလည်း ပြောသည်။

ပါကစ္စတန် စစ်ခုံရုံးများသည် လုပ်ငန်းစဉ်များကို လျစ်လျူရှုခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ အတင်းအကြပ် ဝန်ခံ ခိုင်းခြင်းနှင့် မတရားသဖြင့် ပစ်ဒဏ် ချမှတ်ခြင်းများ ရှိသည်ဟုလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။

Source: Reuters