CNI International News

လာဟိုး၊ မေလ ၁၅

တနင်္ဂနွေနေ့တွင် လွတ်လပ်ခွင့်အတွက် တစ်နိုင်ငံလုံးကန့်ကွက်ဆန္ဒပြကြရန် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း (Imran Khan) က တောင်းဆိုခဲ့သည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။

၎င်းအား ဖမ်းဆီးထိန်းသိမ်းမှုကြောင့် ပါကစ္စတန်နိုင်ငံအတွင်း ဆိုးရွားသော မတည်ငြိမ်မှုများ ပေါ်ပေါက်ခဲ့ပြီး နောက် ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ခမ်းသည် ပြီးခဲ့သည့်နှစ် ဧပြီလက ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် တရားစွဲဆိုမှုများစွာဖြင့် ရင်ဆိုင်နေရသူ ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရသော်လည်း ၎င်းအား ထိန်းသိမ်းမှုသည် တရားဥပဒေနှင့်မညီဟု ဗဟိုတရားရုံးချုပ်က အမိန်ချမှတ်ခဲ့ပြီးနောက် သောကြာနေ့တွင် အာမခံဖြင့် ပြန်လွတ် လာခဲ့သည်။ ခမ်းအားဖမ်းဆီးမှုကြောင့် ၎င်းအားထောက်ခံသူများက အစိုးရအဆောက်အဦများကို မီးရှို့ကာ၊ လမ်းများကို ပိတ်ခဲ့ပြီး စစ်တပ်ပိုင်ဆိုင်မှုများကို ဖျက်ဆီးခဲ့ကြသည်။

စစ်တပ်သည် ခမ်းရာထူးမှ ဖယ်ရှားခံရမှုအတွက် အဓိကတာဝန်ရှိသည်ဟုလည်း ၎င်းကိုထောက်ခံသူများက အပြစ်ဖို့ထားသည်။ လွတ်လပ်မှုသည် အလွယ်တကူရမလာကြောင်း၊ ယင်းကိုလုယူရမည်ဖြစ်ပြီး ထို့အတွက် ပေးဆပ်ရမည်ဖြစ်ကြောင်း စနေနေ့ည ယူကျူတွင် ထုတ်ပြန်ခဲ့သည့် မိန့်ခွန်းတစ်ခုတွင် ခမ်းက ပြောခဲ့သည်။

တနင်္ဂနွေနေ့ နိုင်ငံတစ်ဝန်းလုံးတွင် ဆန္ဒပြပွဲများကျင်းပသွားရန် ခမ်းက ထောက်ခံသူများကို တောင်းဆိုခဲ့ပြီး ရွေးကောက်ပွဲကို ချက်ချင်းဆောင်ရွက်ပေးရေး တောင်းဆိုမှုများကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်စတင်သွားမည်ဟု ကြေညာခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ခမ်း၏ စနေနေ့ညက ပြောကြားခဲ့သည့် မိန့်ခွန်းကို ထောက်ခံသူတစ်ဦးမှ မိုဘိုင်းဖုန်းဖြင့် ကြည့်ရှုနေစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

အတိုက်အခံ PTI ပါတီခေါင်းဆောင်ခမ်းသည် နိုင်ငံ၏ အင်အားကြီး စစ်တပ်အား ကာလရှည်အာခံမှု လုပ်ဆောင် ခဲ့သူဖြစ်သည်။ ခမ်းက ပြီးခဲ့သည့်နှစ် ၎င်းအား လုပ်ကြံရန် ကြိုးပမ်းမှုတွင် စစ်တပ်မှ ထိပ်တန်းအရာရှိတစ်ဦး ပါဝင် ပတ်သက်နေသည်ဟု အင်္ဂါနေ့တွင် ပြောခဲ့ပြီး ထိုပြောစကားကြောင့် နာရီပိုင်းအကြာတွင်ပင် ဖမ်းဆီးခံခဲ့ရသည်။

ပါကစ္စတန်စစ်တပ်သည် နိုင်ငံ၏ (၇၅)နှစ်ကြာ သက်တမ်း တစ်ဝက်လောက်နီးပါး တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီး နိုင်ငံရေးစနစ်အတွင်းအာဏာကို ဆက်ထိန်းထားရန်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

စစ်ခေါင်းဆောင်၏ လုပ်ရပ်များက စစ်တပ်ကို မျက်နှာပျက်စေကြာင်း ခမ်းက ပြောခဲ့သည်။ သို့သော် ယင်း ပြောစကားက လက်ရှိ စစ်ဦးစီးချုပ်ကို ရည်ညွှန်းသလား (သို့မဟုတ်) ၎င်းအားရာထူးမှ ဖယ်ရှားရာတွင် ပါဝင် သည်ဟု ခမ်းကစွပ်စွဲထားသည့် စစ်ဦးစီးချုပ်ဟောင်းကို ရည်ညွှန်းသလား ဆိုသည်မှာ မကွဲပြားခဲ့ပေ။

ခမ်းသည်ဆန္ဒပြပွဲများတွင် စစ်တပ်အဆောက်အဦများ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိဘဲ တိုက်ခိုက်မှုများတွင် PTI ပါတီအလုပ်သမားများ ပါဝင်နေခြင်းကို ငြင်းဆိုခဲ့ကာ ယင်းတို့နှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။

Source:Bangkokpost