CNI International News

ဘဲလ်ဂရိတ်၊ မေလ ၁၅

ဆားဘီးယား အာဏာပိုင်များသည် တနင်္ဂနွေနေ့တွင် တင့်ဖျက်ဒုံးကျည် လောင်ချာများ အပါအဝင် လက်နက် ထောင်ပေါင်းများစွာမှ သေနတ်များနှင့် လက်ပစ်ဗုံးများကို ခင်းကျင်းပြသခဲ့သည်ဟု အေပီက ဖော်ပြခဲ့သည်။

နိုင်ငံအတွင်း အကြီးစား ပစ်ခတ်မှု နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများ လာရောက် အပ်နှံသည့် လက်နက်များ ဖြစ်သည်။

ယခုလအတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှစ်ခုတွင် လူ ၁၇ ဦး သေဆုံးခဲ့ရပြီး အများစုမှာ ကလေးငယ်များ ဖြစ် သည်။


ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စတင်ခဲ့သော အာဏာပိုင်များက လက်နက်ထိန်းချုပ်ရေးအစီအစဉ်၏ အစိတ် အပိုင်း တစ်ခုအဖြစ် ဆားဘီးယားအစိုးရက တရားမဝင် လက်နက်များကို လာရောက်အပ်နှံရန် တစ်လကြာ ကင်းလွတ်ခွင့် ပေးခဲ့သည်။

ဆားဘီးယား ပြည်သူများကို တွေ့ရစဉ်

ပစ်ခတ်မှုများကြောင့် ပြည်သူများ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည့် ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဘူချိ (Aleksandar Vucic) သည် ထိပ်တန်းရဲအရာရှိများနှင့်အတူ မြို့တော်တောင်ဘက် ဆာမီဒီရီဗို (Smederevo) မြို့ လက်နက် အပ်နှံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ကင်းလွတ်ခွင့် စတင်ခဲ့သည့် မေလ ၈ ရက်နေ့မှ စတင်ကာ ဒေသခံများသည် လက်နက်ပေါင်း ၁၃၅၀၀ ကို လာ ရောက် အပ်နှံခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

ထွက်ပေါ်လာသော ဓာတ်ပုံများတွင်လည်း လက်နက်အပ်နှံပွဲ ပြုလုပ်ရာ ဂိုထောင်တစ်ခုအတွင်း ခင်းကျင်းထား သော ရိုင်ဖယ်များ၊ အော်တိုသေနတ်များ၊ ပစ္စတိုများနှင့်အတူ လက်ပစ်ဗုံးများ ပါဝင်သော သစ်သား သေတ္တာများကို ပါ မြင်တွေ့ရသည်။

ဆားဘီးယားနိုင်ငံသည် ဘော်လ်ကန် (Balkan) နိုင်ငံများတွင် စစ်ပွဲများဖြစ်ပွားရာ ၁၉၉၀ နှစ်များတွင် စစ်မြေပြင် များမှ လက်နက်ထောင်ပေါင်းများစွာကို ဝယ်ယူခဲ့သည်။

လာရောက် အပ်နှံသည့် လက်နက်များမှ တစ်ဝက်ခန့်မှာ တရားမဝင် လက်နက်များဖြစ်ပြီး ကျန်တစ်ဝက်ကို လိုင်စင် ပြုလုပ်ထားသည့် လက်နက်ပိုင်ရှင်များ ကိုယ်တိုင်က လာရောက် အပ်နှံခဲ့ခြင်း ဖြစ်သည်ဟု ဆားဘီးယား သမ္မတက ပြောသည်။

ကျောင်းထဲ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းနေကြစဉ်

သိမ်းယူထားသော လက်နက်များကို နိုင်ငံတွင်းရှိ လက်နက်ကိုင် တပ်များ ပြန်လည် အသုံးပြုနိုင်ရန်အတွက် လက်နက်နှင့်ခဲယမ်း စက်ရုံများသို့ ပို့ဆောင်သွားမည်ဟုလည်း သမ္မတဘူချိက ပြောသည်။

ကင်းလွတ်ကာလ ပြီးဆုံးချိန်တွင် ရှာဖွေတွေ့ရှိခဲ့သော လက်နက်ပိုင်ရှင်များကို အများဆုံး ထောင်ဒဏ် ၁၅ နှစ် အထိ အပြစ်ပေးသွားမည်ဟု ဆားဘီးယားအာဏာပိုင်များက ပြောသည်။

ဆားဘီးယားသည် လူတစ်ဦးချင်းစီ အလိုက် လက်နက်ကိုင်ဆောင်မှု အများဆုံး ဥရောပနိုင်ငံများမှ တစ်ခုဖြစ်ကာ အများစုသည် တရားမဝင် လက်နက်များ ဖြစ်သည်။

ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ် (Belgrade) အလယ်ပိုင်းရှိ မူလတန်းကျောင်း တစ်ခုတွင် မေလ ၁၃ ရက်က ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် ဖခင်ဖြစ်သူ၏ သေနတ်ဖြင့် ဘဝတူ ကျောင်းသားများကို ပစ်ခတ်ခဲ့ ပြီးနောက် ဆားဘီးယား အာဏာပိုင်များက လက်နက်များနှင့် ပတ်သက်သည့် ကန့်သတ်မှုကို စတင်လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်အပြီး မေလ ၁၄ ရက်တွင်လည်း အသက် ၂၀ အရွယ် လူငယ်တစ်ဦးက ဘဲလ်ဂရိတ် တောင်ပိုင်း ကျေးလက် ဒေသတစ်ခုတွင် အော်တိုသေနတ်တစ်လက်ဖြင့် ပစ်ခတ်မှု လုပ်ဆောင်ခဲ့သေးသည်။

Source: AP