CNI International News

ပရစ္စတီနာ၊ စက်တင်ဘာ ၂၅

ကိုဆိုဗိုမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု တစ်ခုတွင် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ထိုဖြစ်စဉ်အတွက် ကိုဆိုဗို ဝန်ကြီးချုပ် အယ်လ်ဘင် ကာတီ(Albin Kurti) က အိမ်နီးချင်း ဆားဘီးယားနိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှု ဖြစ်စဉ်သည် ဥရောပသမဂ္ဂက ကြားင်စေ့စပ်ပေးသည့် ကိုဆိုဗို-ဆားဘီးယား ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ရေးကို ထိခိုက်စေခဲ့ပြီး တင်းမာမှုများအား ပိုမိုမြင့်တက်စေခဲ့သည်။

"မျက်နှာဖုံးဝတ်ထားပြီး လက်နက်ကြီးတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်တဲ့ သေနတ်သမားတွေဟာ ဒေသစံတော်ချိန် နံနက် ၃ နာရီလောက်မှာ မြို့တော် ပရစ္စတီနာ(Pristina) နဲ့ ၅၅ ကီလိုမီတာ (၃၅ မိုင်) အကွာက လီပိုဆာဗစ် (Leposavic) မြို့နယ် ဘန်ဂျ်စကာ (Banjska) ကျေးရွာမှာ ရှိတဲ့ ရဲကင်းတစ်ခုကို ပစ်ခတ်သွားခဲ့ပါ တယ်" ဟု ကိုဆိုဗိုဝန်ကြီးချုပ် ကာတီက ပြောသည်။ 

ကိုဆိုဗို ၀န်ကြီးချုပ်နဲ့ ဆားဘီးယား သမ္မတကို တွေ့ရစဉ်

နံပါတ်ပြားမပါသည့် ထရပ်ကား နှစ်စီးသည် ကျေးရွာအဝင်ရှိ တံတားတစ်စင်းကို ပိတ်ဆို့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ထိုထရပ်ကားများ ပိတ်ဆို့မှုကို ရှင်းလင်းရန် ကြိုးပမ်းနေချိန်တွင် နေရာပေါင်းစုံမှ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု  ကိုဆိုဗိုရဲတပ်ဖွဲ့က ပြောသည်။

တိုက်ခိုက်ခဲ့သည့် လက်နက်များထဲတွင် လက်ပစ်ဗုံးများနှင့် အဝေးထိန်းဗုံးများ အပါအဝင် အမျိုးအစား စုံလင်သည့် လက်နက်များစွာ ပါဝင်ကြောင်း ကိုဆိုဗိုရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့သည် တိုက်ခိုက်မှုများကို ပြန်လည်တွန်းလှန် တိုက်ခိုက်နိုင်ခဲ့ကာ ဒဏ်ရာရရှိခဲ့သည့် ရဲအရာရှိနှစ်ဦးကို မီထရိုဗီကာ (Mitrovica) မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ဆေးရုံရောက်ရှိချိန်တွင် ဒဏ်ရာရရှိခဲ့သည့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးသည် အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဆရာဝန်များက ပြောကြားခဲ့သည်။

ကိုဆိုဗို ရဲတပ်ဖွဲ့ကို တွေ့ရစဉ်

ဆားဘီးယားနိုင်ငံနှင့် တစ်ချိန်က ၎င်း၏ ပြည်နယ်ဟောင်းဖြစ်ခဲ့သည့် ကိုဆိုဗိုနှင့် ဆယ်စုနှစ်များစွာကြာ ပဋိပက္ခ ဖြစ်ပွားလာခဲ့သည်။

ဆားဘီးယားနှင့် ကိုဆိုဗိုအကြား ဖြစ်ပွားခဲ့သည့် ၁၉၉၀-၉၉ ခုနှစ်အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း လူပေါင်း ၁၀၀၀၀ ကျော် သေဆုံခဲ့ပြီး သေဆုံးသူအများစုမှာ ကိုဆိုဗို အယ်လ်ဘေးနီးယားလူမျိုးများ ဖြစ်သည်။

ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာခဲ့သော်လည်း ဆားဘီးယားကမူ ကိုဆိုဗို၏ လွတ်လပ်ရေးကို အသိအမှတ်မပြုဘဲ ငြင်းပယ်ခဲ့သည်။

Source: အေပီ