CNI International News

ဘဲလ်ဂရိတ်၊ ဇန်နဝါရီ ၁၃

အမေရိကန်သည် Javelin တင့်ကားဖျက် ဒုံးကျည်များဝယ်ယူလိုသည့် ကိုဆိုဗို၏ တောင်းဆိုချက်ကို လက်ခံရရှိခဲ့ ကြောင်း ဆားဘီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ဆားဘီးယားသမ္မတ အလက်န္ဒား ဗူစစ် (Aleksandar Vucic)ကို ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး ဆားဘီးယားနိုင်ငံက အလွန်စိတ်ပျက်မိကြောင်း ဗူစစ်က ပြောကြားခဲ့သည်။

ကိုဆိုဗိုကို ဒေါ်လာ ၇၅ သန်းတန်ဖိုးရှိ ဒုံးကျည် ၂၄၆ စင်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချမည့် အလားအလားကို ဇန်နဝါရီ ၁၁ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

"အခု လက်နက်ရောင်းချမယ့် အဆိုပြုချက်ဟာ ဥရောပမှာ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်ရေးအတွက် အရေး ကြီးတဲ့ အင်အားစုတစ်ခုဖြစ်တဲ့ ဥရောပမိတ်ဖက် (ကိုဆိုဗို)ရဲ့ လုံခြုံရေးကို မြှင့်တင်ပေးခြင်းအားဖြင့် အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်"ဟု အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန၏ နိုင်ငံရေး-စစ်ရေး ဗျူရိုက ပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခရစ္စတိုဖာဟေးကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သည် ကိုဆိုဗို၏ လက်နက်ဝယ်ယူရေး အဆိုပြုချက်ကို လွှတ်တော်သို့ တင်သွင်းလိမ့်မည်ဟု ဗူစစ်ကို ပြောကြားခဲ့ ကြောင်း ဆားဘီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ကိုဆိုဗိုသည် ယခင်က ဆားဘီးယားနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့ သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများက ကိုဆိုဗိုကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားသော်လည်း ဆားဘီး ယား၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ကမူ ကိုဆိုဗိုကို နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။

ဆားဘီးယားသမ္မတ ဗူစစ်ကမူ ထိုလက်နက်ရောင်းဝယ်မှု အလားအလာသည် မိမိတို့အတွက် ဒေသတွင်း ငြိမ်းချမ်းရေး မပျက်စီးစေရန် အလွန်အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်ကြောင်းနှင့် ဆားဘီးယားသည် ဘော်လ်ကန် ဒေသတွင် တည်ငြိမ်ရေးကို လုပ်ဆောင်နေပြီး တာဝန်သိသိဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ကိုဆိုဗိုက အမေရိကန်ထံမှ လက်နက်စနစ်များ ဝယ်ယူရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီလများအတွင်း ဆားဘီးယားသည် နေတိုးဦးဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ ၏ စောင့်ကြပ်မှုဖြင့် ကိုဆိုဗိုနယ်စပ်ကို စစ်သားများ စေလွှတ်ခဲ့သည်။

ဆားဘီးယားသည် ဘော်လ်ကန်ဒေသတွင် အင်အားအကြီးဆုံး စစ်တပ်များထဲတွင် ပါဝင်နေကြောင်း ဗူစစ်က ယခု လအတွင်း ပြောကြားခဲ့ပြီး ရုရှားနိုင်ငံထံမှ တင့်ကားများ အများအပြား ရရှိထားကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ထို့ပြင် ဆားဘီးယားသည် လေယာဉ်ပစ် လက်နက်များ၊ တိုက်လေယာဉ်များနှင့် ဒရုန်းများ အပါအဝင် လက်နက် အများအပြားကို တရုတ်နှင့် အခြားနိုင်ငံများထံမှ ဝယ်ယူသွားမည်ဟုလည်း ဗူစစ်က ကတိပြုခဲ့သည်။

Source: အေပီ