CNI International News

ဂေါဝါဟတီ၊ ဇန်နဝါရီ ၁၃

အိန္ဒိယ-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း အိန္ဒိယ စစ်ဦးစီးချုပ် (COAS) ဗိုလ်ချုပ်ကြီး မနို့ဂျ် ပန်ဒီ (Manoj Pande) က ပြောကြားခဲ့သည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။

အိန္ဒိယနယ်စပ် ဒေသတစ်လျှောက် လုံခြုံရေးအရ စိတ်မှန်းဖြစ်နိုင်ခြေများကို ထုတ်ဖော်ပြောကြားချိန်တွင် ပန်ဒီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများကြောင့် သက်ရောက်မှုကို ဗိုလ်ချုပ်ကြီး ပန်ဒီက အလေးထား ပြောကြားရာတွင် အိန္ဒိယ-မြန်မာနယ်စပ်၏ အခြေအနေကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အိန္ဒိယ၏ တပ်မတော်နေ့ မတိုင်မီ နှစ်စဉ်ပြုလုပ်လေ့ရှိသည့် သတင်းစာရှင်းလင်းပွဲ၌ အမှာစကား ပြောကြားရာ တွင် ပန်ဒီက အိန္ဒိယမြောက်ပိုင်းနယ်စပ် အထူးသဖြင့် လာဒက် (Ladakh)ဒေသ၏ အခြေအနေသည် ထိလွယ် ရှလွယ်ရှိသည့် အနေအထားမှာပင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်၏ လှုပ်ရှားမှုများနှင့် ဘူတန် အရပ်သားများသည် အိန္ဒိယ၏ နယ်နိမိတ်များတွင် ခိုလှုံရန် ကြိုးပမ်းနေသည့် သတင်းများကို ပန်ဒီက ပြောကြားခဲ့သည်။

" အိန္ဒိယ-မြန်မာ နယ်စပ်က အခြေအနေတွေဟာ ကျနော်တို့အတွက် စိုးရိမ်စရာကောင်းပါတယ်။ ဒါ့အပြင် ဘူတန်နိုင်ငံက အရပ်သားတွေဟာလည်း မီဇိုရမ် (Mizoram) ပြည်နယ်နဲ့ မဏိပူရ (Manipur) ပြည်နယ်တွေမှာ ခိုလှုံနေထိုင်နေပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖိအားပေးခံနေရတဲ့ သောင်းကျန်းသူ အဖွဲ့အချို့ရှိနေပြီး သူတို့တွေဟာ မဏိပူရပြည်နယ်ရဲ့ ကျနော်တို့ဘက်ခြမ်းက နယ်စပ်ဒေသကို ဝင်ရောက်ဖို့ ကြိုးပမ်းနေကြပါတယ်" ဟု ၎င်းက ပြောသည်။

မဏိပူရပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေများသည် မိမိတို့ စောင့်ကြည့်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း၊ မိမိတို့သည် အာသံရိုင်ဖယ် တပ်ရင်း ၂၀ နီးပါးကို အိန္ဒိယ-မြန်မာ နယ်စပ်တွင် ဖြန့်ကြက်ချထားကြောင်း၊ နယ်စပ် တလျှောက် ခြံစည်းရိုးများ ကာရံရန် ဆွေးနွေးမှုများလည်း ရှိနေကြောင်း ပန်ဒီက ပြောကြားခဲ့သည်။

Source: Northeast Now