CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA)နှင့် မြန်မာ့တပ်မတော်ကြား နှစ်ဖက် ယာယီအပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့သလို နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည် ဖွင့်လှစ်ရန်လည်း တရုတ်- မြန်မာ နှစ်နိုင်ငံအစိုးရ ဆွေးနွေးနေသည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ(NSPNC)မှ ကိုယ်စားလှယ်များ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှ ၁၂ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်း မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုအရ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ယာယီရပ်စဲ ရန် နှစ်ဖက် သဘောတူညီခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော်တို့ တရုတ်နိုင်ငံရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ ဒီမြောက်ပိုင်းသုံးဖွဲ့နဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးညှိနှိုင်းမှု ဆွေးနွေးရေးအဖွဲ့နဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း မှာ ကျနော်တို့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးခိုင်မာဖို့အတွက်လည်း ဆက်လက်ဆောင်ရွက်သွားပါမယ်။ ပြီးရင် နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန် လည် ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်-မြန်မာနိုင်ငံ နှစ်နိုင်ငံဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 မြောက်ပိုင်းသုံးဖွဲ့ ခေါင်းဆောင်တွေနဲ့ NSPNC အတွင်းရေးမှူးကိုတွေ့ရစဉ်

ထို့နောက် ယာယီအပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်အတွက် နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိ သေးကြောင်း ၎င်းက ပြောသည်။

သို့သော် မည်သည့် အချိန်-နေ့ရက်များတွင် စတုတ္ထအကြိမ် ဆွေးနွေးသွားမည်ဆိုသည်ကိုတော့ အတိအကျ ပြောသွားခြင်းမရှိပေ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင် အကောင်အထည်ဖော်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ တပ်မတော် စစ်စခန်းများနှင့် မြို့များကို တိုက် ခိုက် သိမ်းပိုက်ခဲ့သည်။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ့တပ်မတော်သည် စစ်စခန်းပေါင်း ရာနှင့်ချီ လက်လွတ်ဆုံးရှုံးခဲ့ရသလို လောက်ကိုင်၊ ကုန်ကြမ်း၊ ပန်ဆိုင်း (ကြူကုတ်)၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ ဟိုပန်၊ ပန်လုံ၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ သိန္နီ၊ နမ္မတူ၊ ကျောက်မဲ၊ နမ့်ခမ်း စသည့် မြို့များ သိမ်းပိုက်ခံထားရသည်။

ထို့နောက် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များလည်း လက်လွတ် ဆုံးရှုံးခဲ့ရပြီး ကုန်သွယ်ရေးများ ရပ်တန့်လျက်ရှိသည်။