CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂

မိမိတို့ ဒေသကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော ပြည်သူများနှင့်အတူ ဆက်လက် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော ၆၁ နှစ်ပြည့် တအာင်းတော်လှန်ရေးနေ့တွင် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး တအာင်းအမျိုးသား အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ် တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည့် အချက် ၃ ချက်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြောသည်။

ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက “လက်ရှိ မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ် နိုင်ရေးနဲ့ မိမိဒေသကို ပိုမိုထိန်းချုပ်နိုင်ရေးတို့အတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ ပြည်သူများနဲ့ အတူ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

လက်ရှိတွင် နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်း၊ ကွတ်ခိုင် အစရှိသော မြို့နယ် ၇ ခုကို သိမ်းယူထားနိုင်ပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားသစ် စတင်လည်ပတ်နိုင်ရေး လက်တွေ့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများကြောင့် အိုးအိမ်ပျက်စီးမှုများကို ပြန်လည်ထူထောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပ သို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသော တအာင်းလူငယ်များ မိမိနေရပ်ကို ပြန်လာကြပြီး ကိုယ့်ဒေသ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် တောင်းဆိုထားသည်။

ညီနောင်မဟာမိတ်များ သိမ်းယူထားသော နယ်မြေများကို တစ်ဖက်ရန်သူမှ လာရောက်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “ဒါကတော့ နည်းနည်းခက်ခဲမှာပေါ့နော်၊ စစ်ကောင်စီဖက်က ဆိုရင်တော့ အခုတောက်လျှောက်ကလည်း ညီနောင်မဟာမိတ်တွေပဲ ပြောပြော၊ TNLA တွေပဲ ပြောပြော သူတို့ နေတဲ့နေရာမှာ လာရောက်ပြီးမှ ဗုံးကြဲ တိုက်ခိုက်တာမျိုးတွေ ရှိနေတဲ့ အနေအထားမှာ အဲဒီအပိုင်းမှာတော့ စိုးရိမ်နေရတာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ခဏနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုး၊ ဗုံးကြဲလုပ်ဆောင်တာမျိုးတွေ စိုးရိမ်စရာတော့ ရှိတယ်” ဟု ပြော သည်။

ညီနောင်မဟာမိတ်တို့ သိမ်းယူထားသော မြို့နယ်များအတွင်းရှိ ဒေသခံလူထုများအနေဖြင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားလာနိုင်သောကြောင့် သတိထား သွားလာနေထိုင်ရန်၊ ဗုံးခိုကျင်းများ တူးထားရန်လည်း ၎င်းက တိုက်တွန်း သည်။

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သည် ညီနောင်မဟာမိတ်များဖြစ်ကြသော ရက္ခိုင့်တပ်တော် (ULA/AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNDAA) တို့နှင့်အတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လောက်ကိုင်၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့ အပါအဝင် မြို့အများစုအား သိမ်းယူထားသည်။