CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၀

ခေတ်သစ်စစ်ပွဲများကို လေ့လာရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုမှုသည် စစ်ပွဲရလဒ်များ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားရေးအတွက် လေ့လာခိုင်းခြင်း ဖြစ်နိုင်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ယနေ့ခေတ်တွင် ခေတ်သစ်စစ်နည်းဗျူဟာများ ပြောင်းလဲလာသည်ကို တွေ့ရသည့်အတွက် ခေတ်သစ် စစ်ပွဲ များနှင့် ပတ်သက်၍လည်း မျက်ခြည်မပြတ် လေ့လာနေရန်လိုကြောင်း မေလ ၂၉ ရက်က နစကဥက္ကဋ္ဌမှ ပြော ကြားခဲ့သည်။

ဦးရဲထွန်းက “အဲဒါက အရင်တုန်းက ပုံစံအတိုင်းဆို မဟုတ်ဘူး။ အဲဒီ တနေရာကို သူက ခြေလျင်နဲ့ပဲ ချီတက်တာ‌ ပေါ့၊ ခြေလျင်ထဲမှာလည်း မော်တော်ကားတို့၊ ဘာတို့ အဲဒါတွေ အသုံးပြုပြီးတော့ ချီတက်ပြီးတော့ ဝိုင်းဝန်းပြီး တိုက်တာပေါ့၊ အခုကြတော့ အဲဒီလို သွားလို့ရှိရင် ကိုယ်က သတင်းလက်ဦးမှုက မရတဲ့အခါကြတော့ အဲဒီဒေသမှာ ကိုယ်ရည်မှန်းထားတဲ့ ပစ်မှတ်ကလည်း မရှိတော့ဘူး။ သူတို့ ဖြန့်ခွဲလိုက်တာတို့ ဒါမှမဟုတ် ကိုယ်သွားတဲ့ လမ်းကြောင်းမှာ ကိုယ့်ကို ချုံခိုတိုက်တာတို့ အဲဒီလိုတွေ ခံရတဲ့အခါကြတော့ ချုံခိုတိုက်တဲ့ အခါမှာလည်း အထိ အခိုက် အကျအဆုံးတွေ အများကြီး ဖြစ်တဲ့အခါကြတော့ စစ်ပွဲရလဒ်တွေက တစ်မျိုးတစ်ဖုံ ဖြစ်သွားတာပေါ့နော်၊ အဲဒါကို အပြောင်းအလဲ လုပ်ဖို့အတွက်ကို ခုန လေကြောင်းကနေ တိုက်ခိုက်တာတို့ ပြီးတော့မှ ခြေလျင်တပ်နဲ့ ဝင်ပြီးရှင်းတာတို့ ခြေလျင်တပ်ကိုတောင်မှ မြေပြင်ကနေ ချီတက်တာ မဟုတ်ဘဲနဲ့ လေကြောင်းချီပေါ့ဗျာ၊ လေ ကြောင်းကနေ သယ်လာပြီးတော့ လိုအပ်တဲ့နေရာမှာ ချတာတို့ အဲဒီလိုဟာ အဲဒါကို ကျင့်သုံးလာတာ၊ အဓိက အားဖြင့်တော့ ဒါက သတင်းစီးဆင်းမှုကို ကျော်နှင်းတာပါပဲ” ဟု ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲများတွင် သတင်းလက်ဦးမှု ရရှိသည့် အဖွဲ့အစည်းက အသာရလေ့ရှိကြောင်း၊ သတင်း စီးဆင်းမှုကို ကျော်နှင်းနိုင်သည့် နည်းဗျူဟာများကို သုံးရမည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

လတ်တလော တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများတွင် PDF ဖက်မှ ချုံခိုက်တိုက်ခိုက်မှုများ၊ ဒရုန်းအသုံးပြုကာ တိုက်ခိုက်မှုများ ရှိနေသည်။

ရုရှား-ယူကရိန်းတို့ ဖြစ်ပွားနေသည့် စစ်ပွဲပုံစံမျိုးကို အတုယူ၍ တော်လှန်ရေးအင်အားစုများ ဘက်က တိုက်ခိုက် မှုများရှိလာကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု လောလောဆယ် နောက်ပိုင်း ကျနော်တို့ မြင်လာမိတာကတော့ ရုရှား-ယူကရိန်း စစ်ပွဲက ပုံစံကို လိုက်အတုခိုးတဲ့ ပုံစံပေါ့၊ အဓိကတော့ ဒရုန်း‌တွေ များများသုံး လာတာပေါ့နော်၊ အဓိက‌ ဒရုန်းသုံးပြီးတော့ ဒီဖက်က တချို့ စခန်းငယ်လေးတွေမှာ လိုက်ပြီးတော့ ဗုံးဖြုတ်ချတာတို့ ဘာတို့ ဒီလောက်တော့ နည်းနည်း ထူးခြားတယ် လို့ပဲ ကျနော်တို့ မြင်ရမှာ ဒါပေမဲ့ သိပ်တော့လည်း ဆန်းတာတော့ မဟုတ်ပါဘူး။ ရိုးရိုးအပြင်မှာ အားကစားအနေနဲ့ ကစားတဲ့ ဒရုန်းတွေကအစ စစ်ပွဲမှာ အနည်းဆုံး ကင်းထောက်လောက်အထိ လုပ်လို့ရတဲ့ အပိုင်းဖြစ်တာတော့ ဒါမျိုးကို ထူးထူးခြားခြား သုံးလာတယ်၊ ဒါလည်း သိပ်ပြီး‌တော့ တိုးတက်တယ်လို့ ပြောလို့မရပါဘူး။ ခေတ်က ပြောင်းလာတော့ ပြောင်းလဲတဲ့အလျှောက် သုံးစွဲမှု ပြောင်းလာတဲ့ အပိုင်းပေါ့နော်၊ ဒီလိုပဲ ပြောလို့ရပါတယ်” ဟု ပြောသည်။

 ကော်ဘရာတပ်ဖွဲ့ကို တွေ့ရစဉ် (ကော်ဘရာ)

၂၀၂၁ ခုနှစ် နောက်ပိုင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း တပ်မတော်ဘက်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပိုများပြားလာကြောင်း၊ ၂၀၂၃ ခုနှစ် ပထမလေးလပတ် ကာလအတွင်း မြို့နယ် ၅၆ မြို့ထက်မနည်း လေကြောင်း တိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ တော်လှန်ရေး အင်အားစုများဘက်က တပ်မတော်၏ လုံခြုံရေးစခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ရဲစခန်း များကို ဒရုန်းအသုံးပြု တိုက်ခိုက်မှုကလည်း ပိုမိုများပြား လာခဲ့ကြောင်း သိရသည်။