CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးလုပ်သည်မှာ လူကြီးအကြိုက်လုပ်ရခြင်းမဟုတ်ဘဲ လူထုကြိုက်အောင်လုပ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လူထုအကျိုးကို လုပ်ရင်းတစ်ပြိုင်နက် ပါတီကို အကျိုးပြုအောင်ပါ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ တစ်ပါတီအာဏာရှင်စနစ်ဆိုပါက လူကြီးက သဘောကျမှ အာဏာရမည်ဆိုတာမျိုး ဖြစ်လာကြောင်း ၎င်းကပြောသည်။

ဦးထက်အောင်ကျော်က “ဒါမျိုးတွေကဖြစ်တဲ့နေရာက လူတွေက နိုင်ငံရေးကိုကွဲကွဲပြားပြား ခြားခြားနားနား မသိလို့လို့ပဲ သုံးသပ်လို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလုပ်တာဆိုတာကိုက လူကြီးကြိုက်အောင် လုပ်ရတာမဟုတ်ဘူး၊ လူထု ကြိုက်အောင်လုပ်ရတာ။ တစ်ပါတီအာဏာရှင်စနစ်ဆိုရင်တော့ OK ဒါက လူကြီး ကြိုက်အောင်လုပ်မှ ငါနေရာရမယ်၊ အဲဒီအချိန်ကြမှ ငါလုပ်ချင်တာလုပ်လို့ရမယ်ဆိုတဲ့ဟာမျိုးဖြစ်တာပေါ့။ ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့အခါကြတော့ ရွေးကောက်ပွဲတွေရှိတယ်ဆိုရင် ဒါကလူထုကိုကြိုက်အောင်၊ လူထုရဲ့ အကျိုးစီးပွားကိုဖော်ဆောင်ရတာကို။ လူထုအကျိုးစီးပွားကိုဖော်ဆောင်ရင်းကိုက လူထုကသူ့ကိုလည်း လေးစားမယ်၊ သူ့ပါတီနောက်ခံကိုလည်း လေးစားမယ်ပေါ့။ ဆိုတော့ လူထုနဲ့ပါတီနဲ့ဆိုတဲ့ဟာက အမှန်တကယ်က အတူတူပဲ။ လူထုအကျိုးကိုလုပ်ရင်းနဲ့ ပါတီ ကိုတစ်ခါထဲအကျိုးပြုသွားတယ်ဆိုတဲ့ဟာမျိုးဖြစ်အောင်လုပ်ရတာ။ အဲဒီလိုမဟုတ်ဘူး တစ်ပါတီအာဏာရှင်စနစ်ဆိုလို့ရှိရင်တော့ လူကြီးကြိုက်အောင်တော့လုပ်ရတာ လူကြီးက ကိုယ့်ကိုမျက်စိထဲမြင်မှ၊ သဘောကျမှ ငါအာဏာရမယ်ဆိုတဲ့ဟာမျိုး။ အဲဒီအပေါ်မှာ ပါတီအကျိုးကိုပဲ ကြည့်တယ်ဆိုပြီးတော့မှ ပါတီအကျိုးဆိုတာထက် လူ ကြီးကြိုက်အောင်ပေါ့လေ လုပ်နေရတယ်ဆိုလို့ရှိရင်ကိုက ဒါနိုင်ငံရေးကိုကောင်းကောင်း နားမလည်ဘူးလို့ပဲ သုံးသပ်လို့ရတယ်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌ ဦးခင်ရီ

နိုင်ငံရေးသည် ဓလေ့ထုံးစံများ၊ အာဏာရှင်ဆန်သော ယဉ်ကျေးမှုများကြောင့်အကြောက်တရားအောက်တွင် လူကြီးအကြိုက် (သို့မဟုတ်) အာဏာပိုင်အကြိုက် ဆောင်ရွက်ရသည့်အစဉ်အလာများ ရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

နိုင်ငံရေးလုပ်ဆောင်ခြင်းသည် အာဏာရှိသူ သို့မဟုတ် လူကြီးများကြိုက်နှစ်သက်စေရန် မျက်နှာလို မျက်နှာရ လုပ်ရသည့်အလုပ်မဟုတ်ဘဲ ပြည်သူ့အကျိုးစီးပွား၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားအခွင့်အရေး များအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

နိုင်ငံရေးသမားများအနေဖြင့် ပြည်သူ့သစ္စာကိုသာ စောင့်သိရမည်ဖြစ်ပြီး၊ မမှန်မကန် လုပ်ဆောင်မှုများအပေါ် အသုံးချခံမဖြစ်စေရန် သတိပြုရမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ယူဆကြသည်။

လွှတ်တော်ကိုယ်စားလှယ်အမတ်များအနေဖြင့် အစိုးရကထုတ်ပြန်သည့် ထုတ်ပြန်ချက်များ၊ လိုလား ချက်များနှင့် ပြည်သူလူထု၏ လိုအင်ဆန္ဒများအကြားတွင် Balance လုပ်နိုင်ရန် အရေးကြီးဆုံးဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြော သည်။

လွှတ်တော်ကိုယ်စားလှယ်များအားတွေ့ရစဉ်

၎င်းက “ဒီမိုကရေစီလမ်းကြောင်းကိုသွားနေသည့် အစိုးရတစ်ရပ်အနေနဲ့ ဒီလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေ ပြီဆိုရင် အဓိကအရေးကြီးတာကတော့ Public administration (ပြည်သူ့အုပ်ချုပ်ရေး) ပေါ့။ Public administration ရဲ့သဘောတရားကိုက ဘာလဲဆိုတော့ အစိုးရက လုပ်ချင်တဲ့၊ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ပြည်သူလူထု ရဲ့ လိုလားချက် အဲဒီနှစ်ခုကြားမှာ မျှခြေဖြစ်မယ့်ဟာ Balance ဖြစ်မယ့်အနေအထားပေါ့။ အဲဒီအနေအထားရှိ အောင်လုပ်ပေးရတာ။ လွှတ်တော်ထဲရောက်ပြီးသွားတဲ့လူတွေအကုန်လုံးက အစိုးရကထုတ်ပြန်တဲ့ ထုတ်ပြန်ချက် တွေ၊ လိုလားချက်တွေနဲ့ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒ အဲဒီနှစ်ခုကြားမှာ Balance လုပ်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ဒါပေမယ့် အပြင်လက်တွေ့ဘဝမှာလည်း တော်တော်များများသော ဒီ,ဒီမိုကရေစီစနစ်အောင်မြင်တဲ့နိုင်ငံတွေ မှာလည်း ဒီတိုင်းပဲ ကျင့်သုံးနေကြတာတွေ့ရှိရပါတယ်။ လူထုမှာက လိုလားချက် လိုချင်တယ်၊ လိုလားချက်ဆို တာတော့ အတိုင်းအဆမရှိဘူးပေါ့။ ခုနကပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တာဝန်က ဘာဖြစ်လာလဲ ဆိုတော့ ပြည်သူလူထုရဲ့ Want ထက် တကယ်တမ်း Need ဘယ်လောက်လိုအပ်လဲ။ အဲဒါကို ဘယ်လောက်ဖြည့် ဆည်းနိုင်လဲဆိုတဲ့အပေါ်မှာပဲမူတည်သွားမယ်။ သို့သော် ပြည်သူ့ဆန္ဒအကုန်လုံးကို ပြည်သူပြောသမျှအကုန်လုံးကို လိုက်လုပ်ပေးလို့ရမယ်ဆိုတဲ့အနေအထား‌တော့မရှိဘူး အဲဒါသည်လက်တွေ့အမှန်တရားပဲ” ဟု ပြောသည်။

 USDP ပါတီဝင်များအားတွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးရ၏မူဝါဒ၊ ထုတ်ပြန်ချက်များနှင့် ပြည်သူ့ဆန္ဒကြား ဟန်ချက်ညီအောင် ထိန်းညှိပြီး ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။

ထိုကြောင့် ၎င်းတို့သည် ပြည်သူများ၏ မျက်စိ၊ နားဖြစ်၍ အမှန်တရားနှင့် လိုအပ်ချက်များကို ဖော်ဆောင်ပေးရန် တာဝန်ရှိပြီး၊ ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်နှင့် အစိုးရဖြစ်ရန် အဓိကထားရမည်ဖြစ်ကြောင်းလည်း ၎င်းတို့ ယူဆကြသည်။