CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀

တပ်မတော် ခေါင်းဆောင်ပိုင်း ရာထူးအပြောင်းအလဲများကြောင့် စစ်ရေးအခြေအနေ တင်းမာလာနိုင်သည်နှင့် တစ်ပြိုင်နက် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများသည်လည်း ပြန်လည် ဦးမော့လာနိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုရာထူး အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် စစ်‌ရေးအခြေအနေမှာ ယခုလက်ရှိအနေအထားထက် လျှော့မည့် ပုံမပေါ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

သမ္မတကြီး ဦးသိန်းစိန်လက်ထက် NCA ဆွေးနွေးခဲ့ကြစဉ်

၎င်းက “ဒါကတော့ သူ့ရဲ့သမိုင်းကြောင်းပေါ့လေ ကာချုပ်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ သမိုင်းကြောင်းပေါ့။ သူက ထောက်လှမ်းရေးချုပ်ဖြစ်လာတာကို။ အရင်တုန်းက စ.ရ.ဖ ချုပ်ဆိုတော့။ စ.ရ.ဖ က စစ်ကြောရေးတို့ဘာတို့ လူတွေကို ကိုင်တွယ်တဲ့နေရာမှာတော့ နည်းနည်းကြမ်းတဲ့သဘောရှိတော့ အဲဒီလို လမ်းကြောင်းက လာတဲ့ လူတွေဟာ စစ်ရေးမှာ ထပ်လျှော့ဖို့တော့ သိပ်ရှိမယ့်ပုံမပေါ်ဘူးလို့ ခန့်မှန်းတာပေါ့။ စ.ရ.ဖ က လာတဲ့အတွက် ခန့်မှန်းတာပါ။ ကျနော်တို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့လိုပေါ့။။ စ.ရ.ဖ က လာတဲ့လူတွေက သူ့အလုပ်မှာတော့ သူ အင်မတန် ပြတ်တဲ့လူတွေ ဖြစ်တာကို။ ဒီလူတွေကတော့ တင်းတင်းမာမာ လုပ်တတ်တဲ့ အကျင့်ရှိတာကို။ စစ်ကြောရေးတို့ ဘာတို့ ကိစ္စတွေမှာ။ အခုလည်းပဲ ကာချုပ်ဖြစ်လာတဲ့အပေါ်မှာ ကိုယ်လုပ်ဆောင်နေတဲ့ ဝာာ၀န်ယူထားတဲ့ သဘောသဘာ၀အရပေါ့‌ဗျာ အိမ်နီးနားချင်း ဆက်ဆံမယ်။ နိုင်ငံတကာကို ဆက်ဆံမယ်။ တခြားလက်နက်ကိုင်တွေနဲ့ ဆက်ဆံမယ်ဆိုရင် မူလ စ.ရ.ဖ က သဘောထားတွေ ပြန်ပါလာမယ်ဆိုရင်တော့ ဒါနည်းနည်းတင်းမာမယ့်သဘောရှိတယ်လို့ ပြောနိုင်တာပေါ့။ သူ(ဗိုလ်ချုပ်ကြီး ကျော်စွာလင်း)လည်း သိပ်မကွာပါဘူး။ သတင်းထွက်နေတာတော့ နည်းနည်းမာတဲ့ သဘောလည်းကြားနေရတယ်။ ဒါကြောင့် တပ်ချုပ် ကလည်း စ.ရ.ဖ ဒုချုပ်ကလည်း သဘောထား တင်းမာတဲ့ သတင်းကြားရတာပေါ့ ကျနော်လည်း မသိဘူး။ အခင်းအကျင်းကတော့ စစ်ရေးဘက်မှာတော့ ခပ်ပြတ်ပြတ် ဖြစ်လာလိမ့်မယ်လို့ ယူဆရတာပေါ့” ဟု ပြောသည်။

တပ်တွင်း ရာထူးအပြောင်းအလဲများကြောင့် စစ်ရေးအခြေအနေတင်းမာနိုင်သော်လည်း  သမ္မတဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေတည် ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်ဦးမော့လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သို့သော် သမ္မတဦးဆောင် အစိုးရအဖွဲ့အနေနဲ့ (NCA) ကိုအခြေခံပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြန်ဦးမော့လာမယ့်သဘောတော့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရသစ်က အများလက်ခံအောင်လုပ်ရမယ်ဆိုတော့ ပေါ်လစီ အကောင်းတွေ ချပေးရမယ့် သဘောရှိတာကို။ စစ်ရေး တင်းမာတယ်၊ ညှိနှိုင်းမှု အားနည်းမယ်ဆိုရင်တော့ စစ်ဖြစ်တဲ့ဒေသပေါ့။ အဲ့ဒီဒေသက ပြည်သူလူထုက ဒုက္ခ ရောက်မှာပေါ့။ အိုးအိမ်တွေ ပစ်ရမယ်။ မီးလောင်မယ်။ စာသင်ကျောင်းတွေ ဆေးရုံတွေ ဘုန်းကြီးကျောင်းတွေ ‌ဒေသခံပြည်သူလူထုကတော့ အနစ်နာဆုံးပေါ့ဗျာ။ လက်နက်ကိုင်အချင်းချင်းကတော့ ရှောင်လို့တိမ်းလို့ရတယ်။ ‌ဒေသခံ ပြည်သူလူထုက ပိုနစ်နာနိုင်တာပေါ့။ သိူ့သော်လည်းပဲ ပြန်လည် ထူထောင်ရေးလုပ်ဖို့ အစိုးရမှာ ပေါ်လစီရှိတယ်ဆိုရင်တော့ စစ်ရေးကို လျှော့ခိုင်းရင်လဲ လျှော့ခိုင်းနိုင်တာပေါ့။ အစိုးရ ဦးဆောင်မှုကို ကျနော်တို့စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။ 

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် OTS အမှတ်စဥ် (၇၇) ဆင်း ဖြစ်ပြီး မကြာသေးမီက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်ခဲ့ကာ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၏ အရာရှိချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

ထို့ပြင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် တွဲဖက် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ်က ဖွဲ့စည်းလိုက်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) တွင် ရုံးတွဲဖက်အမှုဆောင်ချုပ် အဖြစ်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် တွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

ထို့အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အမှတ်စဥ် (၃၅) ဆင်း ဖြစ်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) တာဝန်ထမ်းဆောင်ခဲ့ကာ ယင်းမတိုင်မီက တပ်မတော် စစ်ဦးစီးအရာရှိချုပ်(ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်အား ထမ်းဆောင်ခဲ့သည်။

တိုင်းရင်းသားများ၊ PDF များနှင့် အခြားသော ပြည်တွင်းလက်နက်ကိုင်များ ပေါင်းစပ်သွားမည်ကို တပ်မတော်နှင့် အစိုးရအနေဖြင့် မလိုလားသည့်အတွက် စစ်ရေးကို ပြင်းပြင်းထန်ထန် လုပ်လာမည်ဟု ထင်ကြောင်းတရုတ်- မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ကျမကြည့်တာ သူတို့က အခုပြောပုံအရဆိုရင်တော့ ပထမဦးဆုံးအနေနဲ့ သူတို့ အပစ်ခတ်ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့ ခေါ်စရာရှိတာနေမယ် ကျမ ကြည့်တာလေ။ ဒါသူတို့အတွက် အမြဲတမ်းထွက်ပေါက်ပဲလေ။ တချို့အဖွဲ့တွေကလည်း အခုတည်းကတောင် တချို့တော်တော်ပြင်ဆင်နေကြပါပြီ။ အဲဒီတော့ ဖြစ်နိုင်ပါတယ် ငြိမ်းချမ်းရေးကတော့။ သူတို့က နိုင်ငံရေးအရ တရား၀င်မှု ရလိုက်သလိုဖြစ်တာကို။ အဲဒီတော့ ကျန်တဲ့ဟာတွေ ကိုလည်း သူတို့အပြတ် ရှင်းမှာပဲလေ။ ‌ဒါတွေကို သူတို့ဆက်လုပ်လိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ PDF တွေနဲ့ ပြည်တွင်းက လက်နက်ကိုင်နဲ့ ပေါင်းစပ်သွားတာကို သူတို့ မလိုလားနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီကြားထဲမှာ သူတို့ တော်တော် ပြင်းပြင်းထန်ထန် လုပ်လာလိမ့်မယ် ထင်တယ်။ ဆွေးနွေးတဲ့လူလည်း ဆွေးနွေးမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အစည်းတွေက အများကြီးဖြစ်တာကို။ ဆွေးနွေးတဲ့သူတွေကလည်းဆွေးနွေးကြလိမ့်မယ်။ တိုက်တဲ့သူတွေကလည်း ဆက်တိုက်လိမ့်မယ်။ ပိုမိုတင်းမာ လာနိုင်စရာ အကြောင်းပဲရှိပါတယ် သိပ်ကောင်းလာနိုင်စရာအကြောင်းမရှိပါဘူး။ စစ်ကောင်စီဘက် ကလည်း သူတို့အနေနဲ့ နိုင်ငံရေးအရသာ တစ်စုံတစ်ရာ (Legitimacy) ဖြစ်ပေမယ့်လို့ စီးပွားရေးအရတို့ ဘာတို့က ဘာမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလေ။ ဒါကြောင့်မို့လို့ သူတို့ဘက်ကလည်း အခက်အခဲ အကျပ်အတည်း တွေတော့ ကြီးမှာပါပဲ။ တိုင်းပြည်အခြေအနေကတော့ ဒီနှစ်အတွင်း သိပ်ကောင်းစရာအကြောင်းတော့မရှိပါဘူး” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ထိုအခင်းအကျင်းမရှိပါက ငြိမ်းချမ်းရေးဖြစ်စဥ်တစ်ရပ် အောင်မြင်ရန် မလွယ်ကူကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ‌ထောက်ပြကြသည်။