CNI International News
တဲလ်အဗစ်၊ ဧပြီ ၁၀
ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် နာအင်မ် ကာဆမ် (Naim Qassem) ၏ ထိပ်သီး လက်ထောက်တစ်ဦးကို ဧပြီ ၈ ရက် ညပိုင်းက ဘေရွတ် (Beirut) မြို့တော်တွင် ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ချေမှုန်းနိုင်ခဲ့ ကြောင်း အစ္စရေးစစ်တပ်က ဧပြီ ၉ ရက်၌ ထုတ်ပြန်ခဲ့သည်ကြောင်း AA သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားသည်။
ဟစ်ဇ်ဘိုလာ အတွင်းရေးမှူးချုပ် နာအင်မ် ကာဆမ်၏ ကိုယ်ရေးအရာရှိနှင့် တူဖြစ်သူ အလီ ယူဆွဖ် ဟာရှီ (Ali Yusuf Harshi) ကို ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟာရှီသည် ကာဆမ်၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်နှင့် အကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး သူသည် ရုံးလုပ်ငန်းများကို စီမံခန့်ခွဲခြင်းနှင့် လုံခြုံရေးအတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဟစ်ဇ်ဘိုလာအဖွဲ့ဘက်မှမူ အတည်ပြုချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

လေကြောင်းတိုက်ခိုက်နေစဉ်
ဧပြီ ၈ ရက် ညပိုင်းတွင် အစ္စရေးတိုက်လေယာဉ်များသည် ဘေရွတ်မြို့တောင်ပိုင်းရှိ လိုင်လာကီ-ကာဖတ် (Lailaki-Kafaat) ဧရိယာကို တိုက်ခိုက်ခဲ့ရာ မြို့တော်တစ်ခွင်၌ ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
လက်ဘနွန် လူထုကာကွယ်ရေးတပ်ဖွဲ့၏ ပြောကြားချက်အရ ဘေရွတ် အပါအဝင် လက်ဘနွန်တစ်ဝန်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၂၅၄ ဦး သေဆုံးကာ ၁၁၆၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂ ရက်နေ့မှစပြီး ဧပြီ ၈ ရက်ညပိုင်းအထိ လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ စုစုပေါင်း အရေအတွက်မှာ ၁၇၃၉ ဦးအထိ မြင့်တက်လာပြီး ၅၈၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာ ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း အစ္စရေးက လက်ဘနွန် ကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်။
နိုင်ငံတကာခေါင်းဆောင် အချို့ကမူ အမေရိကန်နှင့် အီရန်ကြား ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်ကိုလည်း ထည့်သွင်းရန် တိုက်တွန်းနေကြသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော် လည်း မတ်လ ၂ ရက်နေ့က ဟစ်ဇ်ဘိုလာအဖွဲ့၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအပြီး၌ အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကို ဆင်နွှဲလျက်ရှိသည်။
Source: AA
