CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅

နစကသည် အာဏာမသိမ်းချင်သောကြောင့် ၂၀၀၈ ‌အောက်မှာနေ၍ ထိန်းနေသည့် လမ်းကြောင်းကို သွားနေခြင်း ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြော သည်။

နစကသည် တာဝန်ထမ်း‌ဆောင်မှု ၄ နှစ်ပြည့်ပြီ ဖြစ်သော်လည်း တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့် အတွက် အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးမှ ကြေညာခဲ့သည်။

နစကသည် အာဏာမသိမ်းချင်၍ ၂၀၀၈ အခြေခံဥပဒေအောက်မှ ထိန်းနေခြင်းဖြစ်ပြီး နိုင်ငံရေးဘက်အား သွားနေ သည့်အတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုလမ်းကြောင်းပေါ်တွင်သာ ဆက်ဆွဲကိုင်ထားမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်

ဦးသိန်းထွန်းဦးက “မသိမ်းချင်လို့ကို ၂၀၀၈ အောက်ကနေ ထိန်းနေတယ်ဆိုတဲ့ လမ်းကြောင်းကို သွားထားတာ၊ သိမ်းချင်ရင် အစောကြီးထဲက သိမ်းထားပြီးပြီ၊ အဲလောက်ဆွဲလာပြီးကာမှ ဒီချိန်ကျမှ ထပ်သိမ်းရမယ်ဆိုတော့ အကြောင်းပြချက် ဘာလဲဆိုတာ အဲတာကိုယ်တိုင်ရှာကြည့်မှ ရမှာလေ၊ အခုချိန်က အဲဒီအကြောင်းပြချက်မှ မရှိတဲ့ ဥစ္စာကြီး၊ ဘယ်လိုလုပ်သွားပြောလို့ ရမှာတုန်း၊ နိုင်ငံရေးဘက်ကို သွားပြီးတော့ ပြင်နေတဲ့အတွက်ကြောင့် နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးမှု လမ်းကြောင်းပေါ်မှာပဲ သူက ဆက်ပြီးတော့ ဆွဲကိုင်ထားမှာပဲ၊ စစ်ရေးအပိုင်းကတော့ ဘယ်လို လာမလဲ ပြောဖို့ခဲယဥ်းတယ်၊ ဘာကြောင့်လဲဆို‌တော့ နောက်ပိုင်းတော့ အရင်တုန်းကဆို စစ်ရေးဆိုင်ရာနဲ့ ပတ်သက်လို့ တချို့သတင်းတွေ နည်းနည်းမြင်နိုင်တယ်၊ လှုပ်ရှားမှုတွေ တွေ့နိုင်တယ်၊ အခုကျတော့ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သတင်းလည်း တော်တော်များများ မရဘူး၊ အထူးသဖြင့် ထိပ်တိုက်လက်နက်ကိုင်ချင်း ထိတွေ့နေတဲ့ အဖွဲ့အစည်းတွေ ဘက်ကတောင်မှ တချို့သတင်းတွေ တက်မလာတော့ဘူးဆို‌တော့ ဒါကျတော့လည်း ပြောရတာ ခက်သွားပြီ၊ အဲတော့ သေချာတာကတော့ အချိန်တစ်ခုစောင့်ပြီးမှပဲ ဒါတွေက ရလဒ် ထွက်လာပါလိမ့်မယ်” ဟု ပြောသည်။ 

မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။

ထို့နောက် နစကကို ဖွဲ့စည်း၍ အုပ်ချုပ်ခဲ့ရာ လက်နက်ကိုင် အင်အားစုများနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ များက လက်နက်ကိုင်တော်လှန်ကာ ဖြုတ်ချနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုတွေ့ရစဉ်

နစကသည် အာဏာထိန်းထားသော ကာလမှာပင် တည်ငြိမ်ရေးရရှိရန် ခက်ခက်ခဲခဲ လုပ်နေရသည့် အနေအထား ဖြစ်ပြီး အာဏာသိမ်းလိုက်မည်ဆိုပါက ဘက်ပေါင်းစုံတွင် ရင်ဆိုင်ရမည့် အရာများ ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထက်အောင်ကျော်က “ကျနော်ြမင်တာကတော့ပေါ့ မသိမ်းနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူအခုလောလော ဆယ် ပြောထားတဲ့ အထဲမှာတောင်မှ အာဏာထိန်းတယ်ပေါ့လေ၊ အာဏာထိန်းတာတောင်မှ ဒီလောက် တော်တော်ကို တည်ငြိမ်အောင် ခက်ခက်ခဲခဲကို မနည်းလုပ်နေရတဲ့ အနေအထားရှိတာကိုး၊ ဒီအချိန်မှာ သူသိမ်း လိုက်မယ် ဆိုလို့ရှိရင် ပိုပြီးတော့မှ အခြေခံဥပဒေ မရှိတော့ဘူးဆိုရင် သူ့အတွက်က တောက်လျှောက်က နိုင်ငံတကာ အနေနဲ့ရော ဘာရော အကုန်လုံးသူ ဘက်ပေါင်းစုံကနေ ရင်ဆိုင်ရမယ့်ဟာတွေ ရှိတယ်ပေါ့နော်၊ အခုချိန်မှာ ထိန်းတာတောင် ဒီလောက်ဖြစ်တယ်ဆိုတော့ သိမ်းရင်တော့ ငါတော့မလွယ်ဘူးဆိုတဲ့ဟာမျိုး စဥ်းစား မယ်လို့ ထင်လို့ပေါ့လေ၊ ဒီအတွက်ကြောင့် မဖြစ်နိုင်ဘူးလို့တော့ ထင်ပါတယ်”ဟု ပြောသည်။  

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီးနောက် မြန်မာ့ တပ်မတော်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီ ဆုံးရှုံးထားရသလို မြို့နယ်ပေါင်း ၉၀ ကျော်ကိုလည်း လက်လွှတ်ထားရသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး အနိုင်ရ သည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။

တခြားတစ်ဖက်မှာတော့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ကြွေးကြော်ထားသည်။

လက်ရှိတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြောင့် တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ကွန်ဖက်ဒရေးရှင်း သို့မဟုတ် သီးခြားလွတ်လပ်သော နိုင်ငံသစ်ထူထောင်ရေး ဆိုသည့် ရပ်တည်ချက်များအား ထုတ်ဖော်ပြောကြား လာခဲ့ကြသည်။

မြန်မာနိုင်ငံသမိုင်းတွင် ၁၉၆၀ ပြည့်နှစ်က ရွေးကောက်ပွဲလုပ်ပေးပြီးနောက် ၁၉၆၂ ခုနှစ်မှာတော့ ဦးနေဝင်းက အာဏာသိမ်းခဲ့ဖူးသည့် သမိုင်းရှိခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၌ ကျင်းပရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲ ပြင်ဆင် မှုမှာ အခြေအနေတစ်ခုခုကြောင့် အာဏာသိမ်းနိုင်ရေး လမ်းကြောင်းပေါ် တွန်းတင်ပေးသကဲ့သို့ ဖြစ်လာမည်ကို လည်း တချို့က စိုးရိမ်နေကြသည်။