CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈

နစကအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs)များ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုး အစား တစ်ဖွဲ့ချင်းဖြင့် အလွတ်သဘော တွေ့နိုင်ခြေရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် နစကအနေဖြင့် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီအပစ်ရပ်စဲရန် သဘောတူညီမှု ယူထားသည်။

ကိုးကန့်တပ်ဖွဲ့သည် တွေ့ဆုံဆွေးနွေးမှု၏ မူလအစဖြစ်ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့လုံးနှင့် တွေ့ဆုံဆွေးနွေး ပြီးပါက အဖွင့်သဘောဖြစ်လာပြီဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “သူက လက်စရှိတာ ကိုးကန့်နဲ့တွေ့မယ်။ သူ့လက်စရှိတာနဲ့ တဖြေးဖြေးတွေ့မယ်။ တဖြေးဖြေး ချဲ့လာမှာပါ။ တဖြေးဖြေး တွေ့လာမှာပါ။ အားလုံးက in line ဖြစ်နေပါပြီ ဘေးတော့မရောက်ပါဘူး။ ဘောင်အပြင်ဖက် တော့မရှိပါဘူး။ အားလုံးက ဘောင်ထဲမှာရှိနေပါတယ်။ ဒါကြောင့် ‌မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့် ရခိုင်နဲ့ ညီနောင် ၃ ဖွဲ့နဲ့တွေ့ပြီဆိုရင် အဖွင့်သ‌ဘော ဖြစ်လာပါပြီ။ ကိုးကန့်က မူလအစပေါ့။ နောက်ပိုင်းကြတော့ “ဝ”နဲ့ မိုင်းလားနဲ့ SSPP ကတော့ တွေ့နေကြ၊ ဖိတ်ကြားမယ်ဆို လာနေကြဖြစ်တယ် ၃ ဖွဲ့ပေါ့။ နောက်တစ်ခါ NCA လက်မှတ်  ထိုးထားတဲ့ ၇ ဖွဲ့ကလည်း ရှိတယ်။ အဆင်သင့်ရှိတယ်။ ဒါဆိုရင် မြောက်ပိုင်းတိုက်နေတဲ့ ၃ ဖွဲ့ ပါလာပြီ ဆိုရင် သူတို့ဘက်ပါနေတဲ့ EAO ၇ ဖွဲ့ရယ်။ ကျနော်တို့ EAO ၇ ဖွဲ့ရယ်။ ၁၃၊ ၁၄ ဖွဲ့ရယ် စပြီးတော့ အလွတ်သဘော တွေ့နိုင်တဲ့ အခြေအနေ ရှိကောင်းရှိနိုင်ပါတယ်”ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RCSS ဥက္ကဋ္ဌကို တွေ့ရစဉ်

တရုတ်အနေဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့လုံးနှင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဖြစ်သော် လည်း နစကအနေဖြင့် ကိုးကန့်တပ်ဖွဲ့ တစ်ခုတည်းကိုသာ တွေ့ဆုံရသေးခြင်းဖြစ်သည်။

သို့သော် လာမည့် ဖေဖော်ဝါရီလအတွင်း TNLA နှင့် နစကတို့ တွေ့ဆုံဆွေးနွေး နိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိသကဲ့သို့ TNLA ဘက်မှ တွေ့ဆုံဆွေးနွေးမှုကို အချိန်ဆွဲထားချင်သည့် အနေအထားမှာ ရှိကြောင်းလည်း သုံးသပ် မှုများရှိသည်။

အကြောင်းမှာ မြောက်ပိုင်း ၃ ဖွဲ့မှ ကိုးကန့်နှင့် အာရက္ခတပ်တော်(AA)တို့သည် တိုင်းစစ်ဌာနချုပ်များကို သိမ်းပိုက် ထားနိုင်ကြပြီး TNLA အနေဖြင့် သိမ်းပိုက်ထားနိုင်ခြင်း မရှိသေးသည့်အတွက် တိုက်ပွဲဖော်ချင်သည့် အနေအထား ဖြစ်ကြောင်း ထောက်ပြကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ရည်မှန်းချက်များသည် ယခုနောက်ပိုင်း ကာလများတွင် မတူညီကြသည့် အတွက် မဟာမိတ်ဖွဲ့စည်းထားမှုအရသော်လည်းကောင်း၊ အားလုံးပါဝင်မှုအရ သော်လည်းကောင်း တွေ့ဆုံ ဆွေးနွေးရန်မှာ မလွယ်ကူကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

NCA ၈ နှစ်ပြည့် အခမ်းအနားကျင်းပစဉ်

ဦးသိန်းထွန်းဦးက “တစ်ဖွဲ့ချင်းစီတော့ ဖြစ်နိုင်ပါတယ်။ Alliance အရသွားတာမျိုး၊ အရင်တုန်းက ကျနော်တို့ အမြဲတမ်း သိနေတဲ့ All inclusive တို့ ဒါမျိုးတော့ မလွယ်တော့ဘူး။ ဘာလို့ဆို အဖွဲ့တွေက အခုမှ သူတို့ရဲ့ တကယ့် ကိုယ်ပိုင် ရည်မှန်းချက်တွေပေါ့။ သူတို့လိုလားချက်တွေက အခုမှ ထွက်လာကြတာ။ အဲဒီတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့က တ‌ဖြေးဖြေးနဲ့ လျှောက်နေတဲ့လမ်းက ကွဲပြားတယ်လို့ မြင်တယ်။ အဲဒီတော့ တစ်ဖွဲ့ချင်းစီ တွေ့တာမျိုး တော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘယ်လို ဆက်သွားမလဲပေါ့။ ဘယ်လိုပုံစံအရ ညှိနှိုင်းမလဲ ဒါလေးတွေ စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

လက်နက်ကိုင်ပဋိပက္ခများ ကြီးထွားနေချိန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေခြင်းကို ဦးစားပေး မလုပ်ဆောင် သင့်ဘဲ အပစ်အခတ်ရပ်စဲရေးက ဦးစားပေး ဆောင်ရွက်သင့်ကြောင်း အာဆီယံနိုင်ငံများက တိုက်တွန်းထားသည်။

နစကအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပထမဦးစားပေးအနေဖြင့် မပြုလုပ်ဘဲ ရွေးကောက်ပွဲကို တန်းပြီးပြုလုပ်ပါက ပြဿနာပိုရှုပ်ကာ မတည်မငြိမ် ပိုဖြစ်မည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။