CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈

လက်ရှိ  အာရက္ခတပ်တော် (AA) ၏စစ်ရေး အခြေအနေသည် မည်သည့်အတိုင်းအတာထိ သွားရောက်နေသလဲဆို သည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား အမျိုးမျိုးသုံးသပ် ဆွေးနွေးလျက်ရှိနေသည်။

ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းနယ်စပ်ဖြစ်သည့် တောင်ကုတ်မြို့နယ်မှ မြန်မာ့တပ်မတော်၏ မိုးထိတောင်စခန်းအား အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း AA က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် AA သည် တော်လှန်ရေး အရှိန်အဟုန် မြင့်တက်သွားစေရန် တစ်ဖက်မှနေ၍ လမ်းကြောင်းပေး၍ ထိုးစစ်အရှိန်မြှင့်တင်နေသလို တစ်ဖက်တွင်လည်း ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းထားပြီး စစ်ရေးနှင့်နိုင်ငံ ရေးကို တစ်ပြိုင်တည်း ကစားနေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။

ဦးသန်းစိုးနိုင်က “အာရက္ခတပ်တော် AA က စစ်ရေးအောင်ပွဲနဲ့ စစ်ရေးအရ အရှိန်အဟုန်တွေကတော့ မြင့်တက်နေ ပါတယ်၊ ဒါက အခုဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် ရခိုင်ရဲ့ ၉၀ ရာခိုင်နှုန်းလောက် သိမ်းပိုက်ပြီးတဲ့နောက်မှာ ဧရာဝတီနဲ့ မကွေးဘက်ကို သူက တိုးဝင်သွားတဲ့ အနေအထားတွေ‌ ရောက်ရှိလာပါတယ်၊ ဒါပေမယ့် စစ်ရေးအရ ၉၀ ရာခိုင်နှုန်းလောက် သိမ်းပြီးတာနဲ့ တစ်ပြိုင်နက် သူကလည်း စေ့စပ်ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကို သူ့ဘက်က စခေါ် တာ ဖြစ်ပါတယ်၊ ဒါပေမယ့် သူ့ကို စစ်‌ကောင်စီက မယုံတဲ့အတွက် သိပ်ပြီးတော့ အလေးထားထားမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တရုတ်ကတော့ သူ့ကို AA ကို အလေးမထားလို့ မရဘူး၊ ဘာလို့ဆိုတော့ ကျောက်ဖြူရဲ့ အနာဂတ်က ခု AA ရဲ့ လက်ထဲမှာရှိနေပြီ၊ အဲတာကြောင့်မို့ တစ်ဖက်က နွေဦးတော်လှန်ရေးရဲ့ လှုပ်ရှားမှု အရှိန်အဟုန်တွေကို မြင့်တက်သွားအောင် သူ့အနေနဲ့ တစ်ဖက်က လမ်းကြောင်းပေးပြီးတော့ အခြားတစ်ဖက် ကလည်း တရုတ်နဲ့ဆွေးနွေးတာ၊ စစ်ကောင်စီနဲ့ ဆွေးနွေးတာတွေ ရှိနိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ‌နွေဦးတော်လှန်ရေး ရဲ့ အရေးကြီးတဲ့ ရှေ့ဆောင်အင်အား တစ်ရပ်အနေနဲ့တော့ AA က ဆက်လက်ပါဝင် နေလိမ့်ဦးမယ်လို့ ကျနော်တို့ ကတော့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ် 

ပြည်တွင်းရေး အခြေအနေများအား နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းမည်ဟု AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယနေ့အချိန်ထိ မြန်မာ့တပ်မတော်နှင့် AA ကြား တွေ့ဆုံဆွေးနွေးမှုများ မရှိသေးကြောင်း သိရ သည်။

AA အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့များ အပါအဝင် ဆက်စပ်နယ်မြေများအား သိမ်းယူခြင်းတွင် တပ်ပေါင်းစုများ လည်း ပါဝင်နေကြောင်း၊ AA ၏ မူလရည်ရွယ်ချက်သည် ရခိုင်ပြည်နယ်အား ပြန်လည်သိမ်းယူရန် ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးမျိုးကျော်က “ကျ‌နော့် အမြင်ကတော့ အခုကတော့ ရခိုင်မှာက ရခိုင်ပြည်ထဲမှာရှိတဲ့ မြို့တွေအကုန်လုံး အပါအဝင်ပေါ့နော် နယ်တွေကို သူတို့သိမ်းလိုက်တယ်၊ နောက်တစ်ခါ တစ်ဆက်တည်းမှာပဲ၊ ဆက်စပ်နယ်မြေတွေ ပေါ့ဗျာ၊ ဒီဟာတွေမှာလည်း အခုအာရက္ခတပ်တော်က သိမ်းတယ်ဆိုတာ အာရက္ခတပ်တော် တစ်ခုထဲက သိမ်းတဲ့ ပုံစံတော့ မဟုတ်ဘူးဗျ၊ အထူးသဖြင့် ဒီဆက်စပ် နယ်မြေတွေကို သိမ်းတဲ့ဆိုတဲ့နေရာမှာ ဒီတပ်ပေါင်းစုတွေ ပါကြ တယ်ပေါ့ဗျာ၊ ဒီလူတွေအနေနဲ့ ဒီတပ်ပေါင်းစုတွေအနေနဲ့ ရပ်တန့်လို့ မရနိုင်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ကျနော်တို့နိုင်ငံရဲ့ အခင်းအကျင်းက AA တပ်တော်တစ်ခုထဲ လွတ်မြောက်တယ်ဆိုရင်တော့ သူတို့အတွက် မငြိမ်းချမ်းဘူးလေ၊ ငြိမ်းချမ်းမယ်ဆိုရင်တောင်မှ ခဏပဲဖြစ်မယ်ဗျာ၊ ဒီစစ်အာဏာရှင်တွေကို အမြစ်မဖြတ် မချင်း ကတော့ ငြိမ်းချမ်းမှာ မဟုတ်ဘူးဗျ၊ စစ်ရေးအရတော့ အာရက္ခတပ်တော်ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ သူတို့က ရခိုင်ပြည်ကို ပြန်ပြီးတော့ ရအောင်သိမ်းဖို့ဆိုရင်တော့ ရခိုင်မှာကတော့ အခုမြို့ ၃ မြို့ပဲ ကျန်တယ်ပေါ့နော်၊ ဒါက လည်း ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အပေးအယူလုပ်ဖို့ဆိုတဲ့ အနေအထားမျိုး ကျ‌နော်တို့ နားလည်တယ်၊ အဲဒီလို မရဘူးဆိုရင်တော့ ရအောင်တော့ စစ်တွေကစပြီးတော့ သိမ်းဖို့တော့နေမှာပေါ့”ဟု ပြောသည်။

 AA တပ်ဖွဲ့ကို တွေ့ရစဉ် 

အမ်း-ပဒါန်း ကားလမ်း အနီးပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော်နှင့် ဇန်နဝါရီ ၁၁ ရက်နေ့မှစပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစပ်က နေရာအချို့ အပါအဝင် ဧရာဝတီတိုင်းဒေသ ကြီး ရေကြည်မြို့၊ ချင်းစုကျေးရွာအနီး၌လည်း တိုက်ပွဲဖြစ်နေကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့ပြင် ပဲခူး- ရခိုင်အစပ် ၊ ဧရာဝတီ-ရခိုင်အစပ် ၊ မကွေး-ရခိုင်အစပ်တို့ရှိ မြန်မာ့တပ်မတော်၏ တပ်စခန်း ၃ ခုအား သိမ်းပိုက်ခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် AA က ထုတ်ပြန်ခဲ့သည်။

ထို့အတူ မကွေးတိုင်း၊ ငဖဲမြို့နယ်က အမ်း-ပဒါန်းကားလမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသလို စစ်တွေမြို့ အနီးပတ်ဝန်းကျင်တွင်လည်း မြန်မာ့တပ်မတော်နှင့်  AA ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် များ၌ တိုက်ပွဲများ ဖော်ဆောင်နေပြီး ကွန်ဖက်ဒရေးရှင်းထက် မနိမ့်သော နိုင်ငံရေးအဆင့်အတန်းတစ်ခုကို ရရှိ‌ အောင် ကြိုးပမ်းလျက်ရှိနေသည်။