CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ကြား တိုက်ပွဲမှာ ကြာရှည်ဖြစ်ပွားလာနိုင် ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက နှစ်ဖက်တိုက်ပွဲအတွင်း ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာ ကာဝါ၏ ကြားဝင်စေ့စပ်မှုကြောင့် နှစ်ဦးသဘောတူ ရပ်တန့်ခဲ့ကြောင်း၊ သို့သော်လည်း လက်ရှိ အနေအထားအရ ရပ်တန့်မည့် အနေအထား မတွေ့ရကြောင်း ၎င်းက ပြောသည်။

ဦးမျိုးကျော်က “အခုက အဲဒီလိုမျိုး စေ့စပ်ရင်တောင်မှ ကျနော်ထင်တယ် မဖြစ်နိုင်တော့ဘူးလို့ မှန်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုစစ်ဖြစ်တာက ရခိုင်တစ်ခုတည်း မဟုတ်ဘူးလေ၊ နိုင်ငံအနှံ့မှာကိုကနေပြီးတော့ ဖြစ်နေ တဲ့ ဟာမျိုးလေ၊ ဒီတော့ ပြီးခဲ့တဲ့နှစ်က ဖြစ်တယ်ဆိုတဲ့ဟာက ရခိုင်မှာပဲ အဓိက တည်ပြီးဖြစ်တဲ့ ဟာမျိုးဆိုတဲ့ အခါ တော့ ပုံစံက တစ်မျိုးလေ၊ ကျန်တဲ့နေရာတွေမှာက ဖြစ်တယ်၊ တိုက်ပွဲလေးတွေ ကြိုးကြားကြိုးကြားလောက်ပဲရှိ တယ်၊ အခုက နိုင်ငံအနှံ့မှာကိုက အပြင်းအထန်ကို ဖြစ်နေတယ်၊ အခုဆိုရင် ကျနော်တို့ ကြားနေရတာပေါ့နော်၊ ဥပမာ ကယားပြည်နယ်၊ လွိုင်ကော်လို ကရင်နီဒေသမှာဆို လွိုင်ကော်လို မြို့တော်အထိ တက်သိမ်းတယ်ဆိုတဲ့ အနေအထားတွေ ဖြစ်တယ်၊ နောက်ပြီးတော့ ရှမ်းမြောက်ကနေပြီးတော့ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်ဆိုတဲ့ဟာမျိုးပေါ့၊ ရခိုင်ပြည်ဆိုတဲ့ဟာမျိုးတွေအထိ အကုန်လုံးက ဆက်စပ်နေတဲ့အခါမျိုးမှာ ဒါက တော့ တစ်နိုင်ငံလုံး အပစ်ရပ်ပြီးတော့ မအလကိုယ်တိုင် လက်နက်ချရင်တော့ တမျိုးပေါ့ဗျာ” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်၊ ကျောက်တော်နှင့် မင်းပြား မြို့နယ်ရှိ ရဲစခန်း၊ နယ်ခြားစောင့်တပ်စခန်းများကို AA ဘက်က တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ အင်အားနည်း ရဲစခန်းများကို လာရောက်တိုက်ခိုက်မှုများရှိနေကြောင်း၊ မိမိတို့ အနေဖြင့် လည်း စစ်နည်းဗျူဟာအရ ရဲတပ်ဖွဲ့စခန်းများကို ပေါင်းစည်းမှုများ ပြုလုပ်နေကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပြောကြားထားသည်။

၎င်းက “ရခိုင်ပြည်နယ်ဖက်မှာတော့ ပလက်ဝရဲ့ မြောက်ဖက် နှုံးဘူးကို မနက် ၁၁ နာရီ ၄၅ လောက်မှာ လာရောက် တိုက်ခိုက်ခဲ့တာ ရှိတယ်၊ ပြီးရင် ရန်သူအနေနဲ့ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာ သွားတာမျိုး ရှိတယ်၊ တချို့ သော ရခိုင်ပြည်နယ်ထဲက အင်အားနည်းတဲ့ ရဲတပ်ဖွဲ့ လုံခြုံရေး ယူနေတဲ့ စခန်းတွေကို ပြန်ပြီးတော့ ပေါင်းထား တာရှိတယ်၊ ဒါတွေကိုလည်း သူတို့အနေနဲ့ တိုက်ခိုက်သိမ်းပိုက် ရမိပြီဆိုပြီးတော့ ဝါဒဖြန့်တာတွေ ရှိတယ်၊ ကျနော် တို့ အနေနဲ့ကတော့ အင်အားနည်း စခန်းလေးများကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းမှု လုပ်နေတာ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့က မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်လူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက်ထားပြီး နှစ်ဖက်အဖွဲ့အစည်းကြား သဘောတူညီမှုယူကာ အပစ်ရပ်စဲခဲ့သည်။

မြန်မာ့တပ်မတော်ရဲ့ တိုက်လေယာဉ်အုပ်စုကိုတွေ့ရစဉ်

လက်ရှိ အနေအထားအရ နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံ ရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောလို့တော့ မရဘူးဗျ၊ ပြောလို့တော့ မရဘူးဆိုတာ တိုက်ပွဲက နိုင်နိုင်တဲ့သူက အပေါ်စီးပြောတာပဲ၊ ရှုံးမယ့်သူက သိပ်အခြေအနေ မကောင်းမယ့်သူက ငြိမ်းချမ်းရေး ကမ်းလှမ်းတာပဲ နှစ်ဖက်စလုံးက အားနည်းနေ ပြီဆိုရင် ငြိမ်းချမ်းရေး ပြန်လက်ခံကြတာပဲ၊ အဲဒီတော့ အခုချိန်မှာတော့ ကျနော်ထင်တယ် AA ကလည်း အရှိန်ရှိ နေပြီဆိုတော့ အဲဒီအရှိန်နဲ့ သွားနေလိမ့်ဦးမယ်ထင်တယ်လေ” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မောင်တောမြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တခြားတစ်ဖက်မှာလည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AA သည် တခြားသော လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။