CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ဆက်လက် တည်ဆောက်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့အနေဖြင့် ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက နိုင်ငံရေးပြဿနာကို အင်အားသုံးပြီး မဖြေရှင်း ရန်၊ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့ကြကြောင်း ၎င်းက ပြောသည်။

ဦးခွန်းဆိုင်က “ကျနော်တို့က ၂၀၁၁ ကတည်းက သမ္မတကြီး ဦးသိန်းစိန်နဲ့ နိုင်ငံရေးပြဿနာကို အင်အားသုံးပြီး မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းမယ့် ယဉ်ကျေးမှုအသစ်တစ်ရပ်ကို အဲဒီတုန်းက သဘော တူညီခဲ့ကြတာပေါ့၊ ဒီသဘောတူညီခဲ့ကြတာက တပ်မတော်သည်လည်း မဟုတ်ဘူး၊ EAO သည်လည်း မဟုတ်ဘူး။ နိုင်ငံရေးပါတီတွေလည်း ပါတယ်၊ သူတို့ထောက်ခံကြတယ်၊ ဒီယဉ်ကျေးမှုကြီးကို ကျနော်တို့အခုထိ တည်ဆောက် တာ မပြီးသေးဘူးပေါ့ဗျာ၊ ဒါကို ကျနော်တို့ လေးလေးနက်နက် ထားပြီးတော့မှ ကျနော်တို့ တည်ဆောက် သွားမယ် ဆိုလို့ရှိရင် ဘယ်နည်းနဲ့မဆို ကျနော်တို့ ပြည်သူဟာ အေးအေးချမ်းချမ်းနဲ့ နေကြရမှာပါ။ ကျနော်တို့ လုပ်နေတာ ဟာ ကိုယ့်အတွက် လုပ်နေတာမဟုတ် ပြည်သူအတွက် လုပ်နေတယ်ဆိုတာ အမြဲတမ်း ကျနော်တို့ နှလုံးသွင်းဖို့ လိုပါတယ်ခင်ဗျ” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA ၈ နှစ်ပြည့် အခမ်းအနားမှာ အလွှာအသီးသီးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်နေသူများကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင် ဖြေရှင်းနိုင်ခြင်း မရှိဘဲဖြစ်နေသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် လက်နက်ကိုင် ပဋိပက္ခ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေသည်။

နိုင်ငံရေးပြဿနာကို စစ်ပွဲဖြင့် ဖြေရှင်း၍ မရကြောင်း၊ အမြင်မတူညီမှုများအား စားပွဲဝိုင်းပေါ်တွင် ညှိနှိုင်းရန် လိုအပ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ နာယက ဦးရွှေမင်းက CNI သတင်းဌာန သို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA ၈ နှစ်ပြည့် အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဦးခိုင်စိုးနိုင်အောင်ကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ မြန်မာနိုင်ငံကြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီးတော့ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ မြန်မာနိုင်ငံတော် ကြီးမှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး တိုင်းရင်းသားအားလုံး သာယာဝပြော ငြိမ်းချမ်းအေးချမ်းစွာ နေနိုင်ဖို့ အတွက်ကတော့ အားလုံးငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ အဲဒီတော့ အမြင်မတူတာတွေ ကို စားပွဲပေါ်မှာ ညှိလိုက်ကြရအောင်လို့ ကျနော် ဒီအတိုင်းလေး အားပေးချင်တယ်၊ တိုက်တွန်းချင်တယ်၊ ကျနော် တို့နိုင်ငံ ငြိမ်းချမ်းရေးကို လက်နက်နဲ့လူတွေကို အားလုံး စားပွဲပေါ်မှာ ဆွေးနွေးပြီးတော့ အဖြေရအောင် ရှာကြရ အောင် ဒါမှသာ ကျနော်တို့ နိုင်ငံအတွက် အဆင်ပြေလိမ့်မယ်၊ ဒါမှမဟုတ်ဘဲနဲ့ စစ်ရေးအရသာ သွားမယ်ဆိုရင် ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသား အများကြီး ထိခိုက်ပျက်စီးရပါဦးမယ်” ဟု ပြောသည်။

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ တိုင်းရင်းသား အင်အားစုအချို့၊ နိုင်ငံရေးပါတီများနှင့် အာဆီယံ စသည့် အဖွဲ့အစည်းများမှ ကြိုးပမ်းလျက်ရှိနေသည်။

သို့သော်လည်း ယနေ့အချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ပြည်သူလူထုများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။