CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇

လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး စသည့် အခြေအနေများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရပြီးဖြစ်၍ မြန်မာ့တပ်မတော်အနေဖြင့် မည်ကဲ့သို့ ထိန်းသိမ်းမလဲဟု နိုင်ငံရေး အသိုင်းအဝိုင်းအကြား မေးခွန်းထုတ်လျက်ရှိနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲခဲ့သော နိုင်ငံရေး အခင်းအကျင်းကြောင့် လက်နက်ကိုင်ပဋိပက္ခမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။

ထို့နောက် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်လာခဲ့သည်။

NCA ၈ နှစ်ပြည့် အခမ်းအနားမှာ တပ်မတော် အရာရှိကြီးများကိုတွေ့ရစဉ်

အလားတူ PDF ဟု ခေါ်တွင်သော လက်နက်ကိုင် အင်အားစုများလည်း မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လျက် ရှိနေသည်။

အဆိုပါ အခြေအနေအား မြန်မာ့တပ်မတော်မှ မထိန်းသိမ်းနိုင်ပါက ဖက်ဒရယ်ထက် အဆင့်မြင့်သည့် ကွန်ဖက်ဒရေးရှင်းလည်း တောင်းဆိုလာနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြီးကြီးကျယ်ကျယ်တော့ မဖြစ်ပါဘူး။ တပ်မတော်တော့ မထိန်းနိုင်ရင် ဘာခေါ်လဲ ကွန်ဖက်ဒရိတ်တို့ ဘာတို့ အော်တဲ့လူက အော်နေကြတာရော၊ အဲဒီလို ကွန်ဖက်ဒရိတ်တို့ အော်နေတော့ ဖက်ဒရယ်မဖြစ်ဘဲနဲ့ ဖက်ဒရယ်ထက် တစ်ဆင့်မြင့်တဲ့ ကွန်ဖက်ဒရေးရှင်းလည်း တောင်းနိုင်တာပေါ့၊ သို့သော်လည်း တစ်ပြည်လုံး အတိုင်းအတာတော့ ဖြစ်ဖို့လိုတာပေါ့၊ တိုင်းပြည်တစ်ပြည်လုံးက ဖက်ဒရယ်စနစ်ကို သွားချင်တယ်ဆိုရင်တော့ ဖက်ဒရယ်လမ်းကြောင်းကို ပြန်သွားရမှာပေါ့၊ လွတ်လပ်ရေးတို့၊ ကွန်ဖက်ဒရိတ်တို့ ဆိုတာက ဖက်ဒရယ်နဲ့ မတူဘူးလေ၊ အဲဒါကြောင့် ဖက်ဒရယ်ပဲ လိုချင်တယ်ဆိုရင် ဖက်ဒရယ်မှာပဲ ရပ်ရမယ်၊ အခြေအနေကြောင့်ဆိုပြီး တစ်ဆင့်တိုးလို့တော့ အခက်အခဲဖြစ်နိုင်တာပေါ့” ဟု ပြောသည်။

NCA ၈ နှစ်ပြည့် အခမ်းအနားမှာ တက်ရောက်လာကြသည့် ခေါင်းဆောင်များကို တွေ့ရစဉ်

လက်ရှိတွင် လူထုများ ထိခိုက်နစ်နာမှုကြောင့် နှစ်ဖက်သဘောတူ အပစ်ရပ်ထားသော ရက္ခိုင့်တပ်တော် (AA)နှင့် တပ်မတော်တို့သည်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

အဆိုပါ အခြေအနေများကို မြန်မာ့တပ်မတော်အနေဖြင့် ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဖက်က (တပ်မတော်) အပေါ်မှာ မူတည်ဗျ၊ ဒီဖက်က ကျနော်တို့ မြင်သလောက်ကတော့ ဘာမှကို ဆန်းသစ်တီထွင်တဲ့ လုပ်ဆောင်မှုတော့ မရှိဘူးဗျာ၊ ခြေကြီးထိုး ရိုးရိုးအတိုင်းပဲ သွားနေတဲ့သဘောပဲ တွေ့တယ်ပေါ့ နော်၊ သဘောကတော့ ဒီဖက်က သူ့ထောက်ခံတဲ့ လူတွေကို ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင် လိုက်တယ် ဆိုရင်တောင်မှ အများကြီး အခြေအနေ သူထိန်းနိုင်သွားမှာပါ။ အခုထက်ထိတော့ ဘာလုပ်မလဲဆိုတာ ကျနော်တို့ ပြောရခက်တယ်ပေါ့ဗျာ၊ ကျနော်တို့လည်း ခန့်မှန်းရခက်တယ်၊ သူလည်း မပြောတတ်ဘူးဗျ၊ သူလည်း သူ့စစ်တပ်နဲ့ ဒီလောက်တော့ နားလည်မယ်ထင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ တော်လှန်ရေး အင်အားစုများ နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။