CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈
တော်လှန်ရေး အင်အားစုများအနေဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်နေခြင်းက လက်ရှိ တပ်မတော်က နိုင်ငံကို အုပ်ချုပ်နေမှုကို ထောက်ခံသည့် သဘောလားဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ကျင်းပပေးမည့် ရွေးကောက်ပွဲကို KIA, KNU, AA, KNPP နှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများက လက်မခံကြောင်း ပြောဆိုထားသကဲ့သို့ ဆန့်ကျင် ကျော်လွှားကြရန် NUG ကလည်း တိုက်တွန်းထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲအား ဆန့်ကျင်နေသည့် အစုအဖွဲ့များအနေဖြင့် လက်ရှိ မြန်မာ့တပ်မတော်မှ နိုင်ငံကို အုပ်ချုပ်နေမှုအပေါ် သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံသလို ဖြစ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲကို ဖျက်မယ်ဆိုတဲ့ အစုအဖွဲ့တွေက သွယ်ဝိုက်တဲ့နည်းနဲ့ လက်ရှိ အနေအထားကိုပဲ သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံသလို ဖြစ်နေတယ် ကျနော်ကြည့်တာတော့။ ရွေးကောက်ပွဲကို ဖျက်မယ် ဟုတ်ပြီ ဒါဆိုရင် လက်ရှိအနေအထားကို ထောက်ခံနေသလားဆိုတဲ့ မေးခွန်းက မေးစရာကြီး ပြန်ဖြစ်နေတယ်။ သူတို့ ပြောတာ သူတို့ အိုင်ဒီယာပါ။ ကျနော်တို့က ဘာမှကန့်ကွက်ဖို့လည်း မရှိဘူး၊ ထောက်ခံဖို့လည်း မရှိဘူး။ သို့သော် ဗမာပြည်ရဲ့ ၁၉၆၀ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကိုကြည့်ရင် တခါမှ တရားဝင် ဘာညာထက် အစုအဖွဲ့က လုပ်ပေး တာ မဟုတ်ပါဘူး။ အားလုံးက တစ်နည်းတစ်ဖုံ တရားမဝင်ဘူးလို့ ပြောတဲ့ပုံစံမျိုးနဲ့ပဲ လုပ်ပေးကြတာ။ နောက်ဆုံး ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲ အားလုံးကလည်း သက်ဆိုင်ရာ အစိုးရတွေ လုပ် ပေးတယ်ပြောပေမယ့် ၂၀၀၈ ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကပဲ လုပ်တာတွေ ဖြစ်နေတာကို။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်ကဖြစ်လို့၊ တရားမဝင်တဲ့ အစုအဖွဲ့ကလုပ်လို့ ကန့်ကွက်စတမ်းဆိုရင် ကျနော်တို့တိုင်းပြည် မှာ ရွေးကောက်ပွဲတွေ ၁၉၉၀ ရွေးကောက်ပွဲကတည်းကိုက စပြီးကန့်ကွက်ရမယ့် သဘောဖြစ်နေတယ်။ အဲဒါပါပဲ။ နောက်တစ်ချက်က ရွေးကောက်ပွဲက အဖြေမဟုတ်ဘူးဆိုတာလည်း လူတိုင်းသိပါတယ်။ သို့သော် အဖြေ ဘာလဲ ဆိုတာလည်း ဘယ်သူမှ မပေးနိုင်တော့ လက်ရှိပုံသဏ္ဍာန်ပေါ့။ လက်ရှိ ရွေးကောက်ပွဲ မလုပ်ဘဲ အခုနေနေတဲ့ ပုံသဏ္ဍာန်၊ ဒီပုံသဏ္ဍာန်၊ ဒီစနစ်ကိုပဲ ဆက်လက် ထောက်ခံချင်တဲ့သဘောနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်နေသလား ဆိုတာ မေးစရာကြီး ဖြစ်လာတာပေါ့” ဟု ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကို တွေ့ရစဉ်
ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၂ မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲသည် “စစ်တပ်အတွက် အကျိုးရှိမည့် လူနှင့် ပါတီရွေးချယ်ပွဲ” ဖြစ်သဖြင့် ကရင်လက်နက်ကိုင် အဖွဲ့ များ၊ ကရင်နိုင်ငံရေး အင်အားစုများ၊ ကရင်ပါတီများနှင့် ပြည်သူလူထု တစ်ရပ်လုံးသည် အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်ကြရန် KNU က ဩဂုတ် ၂၆ ရက်နေ့တွင် သဘောထား ထုတ်ပြန်ထားသည်။
ထို့ပြင် နာဂဒေသအတွင်း ရွေးကောက်ပွဲအား လုံးဝလက်ခံမည် မဟုတ်သည့်အတွက် ရွေးကောက်ပွဲ ကာလ အတွင်း ဖြစ်ပေါ်လာနိုင်သော အသက်အန္တရာယ်ကို အာမ,မခံကြောင်း နာဂဒေသ(ပကဖ) အထူးတိုက်ခိုက်ရေး တပ်ဖွဲ့က ဩဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာ့တပ်မတော်မှ နိုင်ငံကို အုပ်ချုပ်သည့်အခါတွင် တော်လှန်ရေး အင်အားစုများအတွက် ခေါင်းစဉ်တပ်၍ ကောင်းသွားသည့် အနေအထား ဖြစ်သောကြောင့် လက်ရှိအခြေအနေကို ပိုသဘောတွေ့ပုံရကြောင်း သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
NUG ခေါင်းဆောင် တချို့ကိုတွေ့ရစဉ်
၎င်းက “ရွေးကောက်ပွဲ လမ်းကြောင်းက ဘယ်လိုပဲပြောပြော မဖြစ်မနေ သွားရမယ်ဆိုတဲ့ဟာ ကျနော်တို့က တွက်ထားပြီးသား။ အဲဒီအချိန်မျိုးမှာ ရွေးကောက်ပွဲ လမ်းကြောင်းကိုမှ မလုပ်ဘဲနဲ့ တခြား လမ်းကြောင်း ရွေးတယ် ဆိုတော့ သူတို့လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ဘယ်လိုဒီမိုကရေစီလဲ။ ကျနော်တို့က ပြန်မေးရမယ့် အနေအထား ဖြစ် သွားတာပေါ့။ ပြောရရင်တော့ မျိုးစုံပေါ့။ သူတို့မှာ မျှော်လင့်ချက်မျိုးစုံ ရှိပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ အနည်းဆုံးပေါ့။ တပ်ကနေ တာဝန်ယူ အုပ်ချုပ်ထားတဲ့ အချိန်ကြတော့ နည်းနည်း အာဏာရှင်ကို တွန်းလှန်တယ် တို့ ဘာတို့ဆိုတဲ့ ပေါက်တတ်ကရ ပြောရရင်တော့ ခေါင်းစဉ်တပ်လို့ ကောင်းသွား တယ်ပေါ့။ ခေါင်းစဉ်တပ်လို့ ကောင်းသွားတယ်ဆိုတဲ့ အနေအထားတွေမှာ ခေါင်းစဉ်တပ်လို့ ကောင်းသွားတဲ့ အနေအထားတွေ ဖြစ်လာတော့ ဒီလိုအနေအထားကိုပဲ သူတို့မှာ ပိုပြီးသဘောတွေ့ပုံ ရပါလိမ့်မယ်။ ဒါကတော့ ကျနော်တို့ မှန်းကြည့်လို့ရတဲ့ အနေ အထားပေါ့လေ” ဟု ပြောသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြဋ္ဌာန်းခဲ့သည်။
ထိုဥပဒေအရ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းနှင့် လူသေဆုံးအောင် လုပ်ပါက ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအပြင် သေဒဏ်အထိ ချမှတ်နိုင်သည်။
ရွေးကောက်ပွဲကို အဖျက်အမှောင်လုပ်ကြမည့် အင်အားစုများရှိနိုင်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်မှသာ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွက်လာမည်ကို သတိပြုရမည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။