CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈

နိုင်ငံတော်လုံခြုံရေနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု နေပြည်တော်က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ် သွားရောက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့၌ ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation-SCO SUMMIT 2025) တက်ရောက်မည်ဖြစ်သည်။

အလားတူ ဘေကျင်းမြို့၌ ကျင်းပမည့် ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။

ရုရှားသမ္မတ ပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့နောက် တရုတ်သမ္မတရှီကျင့်ဖျင် အပါအဝင် တရုတ် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သလို အခမ်းအနားသို့ တက်ရောက်လာမည့် အခြားနိုင်ငံ့ ခေါင်းဆောင်များဖြင့်လည်း တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ စစ်ရေးပြ အခမ်းအနားနှင့် SCO အစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်တို့ လည်း တက်ရောက်မည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ၂၀၂၅ ခုနှစ်၊ မေလ  ၉ ရက်က မော်စကိုမြို့ (ရုရှားနိုင်ငံ)တွင်လည်းကောင်း၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်က ဘန်ကောက်မြို့(ထိုင်းနိုင်ငံ) တွင်လည်းကောင်း၊ ရုရှားသမ္မတ ပူတင်နှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က မော်စကိုမြို့(ရုရှားနိုင်ငံ)တွင်လည်း ကောင်း တွေ့ဆုံ ဆွေးနွေးထားကြသည်။