CNI New

 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံအား လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ တန်ဂလာဟိုတယ်တွင် ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာရန်အတွက် ပြိုင်ဆိုင်မှုများ ပိုပြင်းထန်ပြီး စျေးကွက်စီးပွားရေးစနစ် တစ်ခုကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရန် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့်အစိုးရက Clean Government ဖြစ်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ကုန်သွယ်မှုဆောင်ရွက်သူများ နစ်နာမှုမရှိအောင် ဆောင်ရွက်မည်ဆိုသည်က လက်တလော နယ်စပ်များတွင် ဖြစ်နေသည့် ပြဿနာများ၊ အခြေခံကျသည့် micro များကအစ ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ-အိန္ဒိယ စီးပွား‌ရေးပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုးစဉ်

၎င်းက “ကျနော်တို့ ဒီနစ်နာမှုမရှိအောင် ဆောင်ရွက်မယ်၊ ဒါ အခု လက်တလောမှာကို ကျနော်တို့က ဒီနယ်စပ် တွေမှာ ဒီကုန်ပစ္စည်းတွေ သွင်းဖို့အတွက် အခက်အခဲဖြစ်နေတဲ့ ပြဿနာတွေက ကုန်သည်တိုင်း ရင်ဆိုင်နေရ တယ်။ အခု ကျနော်တို့ ဒီဘက် မြဝတီ ကုန်သွယ်ရေး ဂိတ်မှာဆိုရင်လည်း ကျနော်တို့ ဒီနယ်စပ်ကနေပြီးတော့ မြန်မာပြည်ထဲကို သွင်းလာဖို့အတွက် ကုန်ပစ္စည်းတွေက အမြောက်အများ တစ်ဖက်မှာ ပိတ်မိနေတယ်ပေါ့။ သူ့ရဲ့ သက်မှတ်ထားတဲ့ရက် ကျော်သွားပြီဆိုရင်ကြတော့ ဒီကုန်ပစ္စည်းတွေက တစ်ဘက်နိုင်ငံက သိမ်းဆည်းသွားမယ့် ပုံစံမျိုး ရှိတယ်ဆိုတော့ ဒါတွေက ကုန်သည်တွေရဲ့ နစ်နာမှုတွေပေါ့၊ ဆိုတော့ ကျနော်တို့က ကုန်သွယ်မှု  တစ်ခု လုပ်ပြီဆိုရင် အကျိုးအမြတ်ရဖို့ မရဖို့ထက် ကျနော်တို့ ဒီကုန်သည်တွေပေါ်မှာ ကျတော့ လုပ်ငန်းကို မြန်မြန် ဆန်ဆန် လုပ်နိုင်ဖို့က အဓိကကြတဲ့ အချက်ဖြစ်ပါတယ်။ အဲလို မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့အတွက် ဒီသွင်းကုန် တွေမှာ ကျနော်တို့ကတော့ ဒီခွင့်ပြုပေးဖို့ လိုအပ်တယ်ပေါ့”ဟု ပြောသည်။

ထို့နောက် နိုင်ငံခြားငွေကြေး ကြီးကြပ်မှုကော်မတီ အနေဖြင့်လည်း သွင်းကုန်များ အလွယ်တကူ သွင်းနိုင်ရေး အတွက် ငွေကြေးထိန်းချုပ်မှုကို ဖြေလျှော့ပေးသင့်ကြောင်း ဦးအောင်ပြည့်စုံက ‌ထောက်ပြသည်။

၎င်းက “နောက်တစ်ခုကတော့ ဒီနိုင်ငံခြားငွေ ကြီးကြပ်မှု ကော်မတီ အနေနဲ့ပေါ့နော်။ ကျနော်တို့ သွင်းကုန်တွေ အများအပြား ဝင်လာတယ်ဆိုရင် ပြည်တွင်းက နိုင်ငံခြား ငွေတွေ အများအပြား ထွက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က ကန့်သတ်တာမျိုးလို့ ကျနော်တို့ အနေနဲ့ ယူဆရ ပေမဲ့ လည်း တစ်ဖက်မှာကြတော့ ကျနော်တို့ ဒါတွေက ပြည်တွင်း လိုအပ်ချက်တွေ ဖြစ်ပါတယ်။ ဒီသွင်းကုန် ဆိုတာက လည်း လိုအပ်လို့သွင်းကြတာ ဖြစ်ပါတယ်၊ ကျနော်တို့ ကန့်သတ်မှု ကုန်စည်ထဲကို ပါသွားပြီးတော့ ဝယ်ယူဖို့ ခက်ခဲ မှုတွေ ဖြစ်လာတဲ့ အခါကြတော့ ဈေးကြီးပေးရတာ မျိုးတွေ ဖြစ်လာသလို တရားမဝင် လမ်းကြောင်းကနေ အလုံး အရင်း ဝင်လာနိုင်တာမျိုးတွေနဲ့ ကျနော်တို့က ရှိလာနိုင်ပါတယ်။ ဒီအတွက်ကြောင့် ကုန်သည်တွေအတွက် နစ်နာမှု မရှိအောင် ဆောင်ရွက်မယ်ဆိုရင် ဒီလိုအခြေခံကျတဲ့ micro တွေကအစ လိုက်ပြီးတော့ ဆောင်ရွက်ပေးဖို့ လိုတယ် လို့ ကျနော့်အနေနဲ့တော့ မြင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်းများ ရှိနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည့်အတွက် နိုင်ငံရေးတည်ငြိမ်မှု ပိုမိုအားကောင်း လာစေမည်ဖြစ်ပြီး စီးပွားရေး ဆောင်ရွက်မှု အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

တရုတ်စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ရစဉ် 

ကုန်သွယ်ရေး လုပ်မည့်သူများအတွက် အတားအဆီးဖြစ်နေသည်မှာ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု အားနည်း ခြင်းဖြစ်ကြောင်း၊ ထိုပြဿနာကို ဖြေရှင်းပေးနိုင်ရန်လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင် ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်သွယ်ရေး လုပ်တဲ့လူတွေ နစ်နာမှုကတော့ အဓိက,ကတော့ ကုန်သွယ်ရေး အတားအဆီး ဖြစ်တဲ့ ဟာပေါ့၊ ဥပမာ ဝမ်(ကိုရီးယားငွေ)နဲ့ပို့တယ်ပေါ့။ ဒေါ်လာနဲ့ပို့တယ်ပေါ့။ သဘောက သို့မဟုတ် ဝမ်နဲ့သွင်းတယ်ပေါ့။ ဒေါ်လာနဲ့သွင်းတယ်ပေါ့၊ စျေးက စျေးကွက် စျေးနှုန်းနဲ့ အစိုးရ တရားဝင် စျေးနှုန်းနဲ့ ကွာဟနေတယ်ဆို ဘယ်လို ခေါ်မလဲ၊ လုပ်ရကိုင်ရတာ ခက်တာက တစ်ကိစ္စပေါ့၊ နစ်နာတယ်ဆိုတာလည်း ဖြစ်လာနိုင်တာပေါ့။ ချောမွေ့ဖို့ဆို တာ အဓိကလမ်းကြောင်းရဲ့ ဘယ်လိုခေါ်မလဲ၊ လုံခြုံရေးကလည်း အရေးကြီးသေးတယ်လေ။ ဒါကောင်းသွားမှာ ပေါ့၊ နောက်တစ်ခုကျတော့ အခွန်အခကိစ္စပေါ့။ ဒါကတော့ ကိုယ့်တိုင်းပြည်က ဆင်းရဲတော့ အခွန်အခ ကိစ္စတွေ ကတော့ မဆွေးနွေးလိုပါဘူး ဘာလို့လဲဆိုတော့ အခွန်အခ မကောက်လို့လည်း ဘယ်လိုလုပ်မလဲ။ ရှော့ပေးတာတို့ ဘာတို့ညာတိုလိုမျိုးပေါ့။ အစိုးရက သာမာန်အားဖြင့်တော့ စီးပွားရေး ပညာအရတော့ လုပ်ပေးရတာရှိတာပေါ့။ ဒီလမ်းပန်းဆက်သွယ်ရေး လုံခြုံအောင်ပေါ့။ ကုန်သွယ်ရေးမှာရှိနေတဲ့ အတားအဆီးတွေပေါ့ လုပ်ပေးနိုင်ရင်တော့ ဒါပြန်ဖြစ်အောင် ပြန်လုပ်ဖို့ကတော့ လွယ်ပါတယ် အရေးကြီးဆုံး အချက်ကတော့ လုံခြုံရေးပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ယုံယုံကြည်ကြည်နှင့် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ် သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့နောက် မြန်မာနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး(SCO)အဖွဲ့ဝင် နိုင်ငံဖြစ်ရေး၊ တရုတ်နိုင်ငံနှင့်အတူ အရည်အသွေးမြင့် “Belt and Road” ကို ပူးတွဲတည်ဆောက်ရေး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ဆွေးနွေးခဲ့သည်။