CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် နိုဝင်ဘာလ၌ တရုတ်သို့ သွားရောက်မည့် ခရီးစဉ်သည် ဘက်ပေါင်းစုံတွင် တရုတ်ဘက်မှ ကူညီထောက်ပံ့မှုများရရှိရန်အတွက် သွားရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ယူဆကြသည်။

ထိုသို့ ကူညီထောက်ပံ့မှုများရရှိရေး ညှိနှိုင်းဆွေးနွေးကြရာတွင် တရုတ်ကလည်း သူ၏ အကျိုးစီးပွားအတွက် ပြန်လည်တောင်းဆိုမှုများ ပြုလုပ်လာနိုင်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြနေကြသည်။

တရုတ်မှ ရပ်ဝန်းတစ်ခု ၊ လမ်းကြောင်းတစ်ခု One Belt One Road (OBOR) ကို အဓိက လိုချင်နေသဖြင့် ထိုစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး တောင်းဆိုလာနိုင်ဖွယ်ရှိကြောင်း၊ ထိုလမ်းကြောင်း အကောင်အထည် ဖော်ဖြစ်ပါက ကိုင်တွယ်နိုင်မှု အပေါ်မူတည်ကာ အကျိုး၊အပြစ်များ ရှိလာနိုင်ကြောင်း စီးပွားရေးလေ့လာ သုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘင်္ဂလား‌ဒေ့ရှ်က ဘာပဲပြောပြော အခုတိုင်းဆို တရုတ်အတွက်က support မဖြစ်တော့ဘူး။ ဒီ အိန္ဒိယ သမုဒ္ဒရာကို သူတို့လှမ်းနိုင်ဖို့က မြန်မာတစ်ခုပဲရှိတော့တယ်။ ဆိုတော့ အဲဒီဟာအတွက်ကို တရုတ်က တောင်းဆို လိမ့်မယ်လို့တော့ ထင်ပါတယ်။ အဲဒါကတော့ အကျိုးရောအပြစ်ရော ၂ ခုလုံးရှိပါတယ်။ ကိုယ့်ဆီက ခေါင်းဆောင် တွေ အဲဒီအပေါ်မှာ ဘယ်လောက် အကျိုးအမြတ် ယူနိုင်မလဲပေါ့။ နောက် ကိုယ့်နိုင်ငံသားတွေအတွက် ဘယ်လောက် အခွင့်အလမ်း ဖွင့်ပေးနိုင်မလဲပေါ့။ အဲဒီလမ်းကြောင်းပေါက်သွားရင် Transportation အတွက်က တော့ အများကြီး အဆင်ပြေသွားပြီပေါ့။ ကိုယ့်နိုင်ငံသာ ငြိမ်းငြိမ်းချမ်းချမ်းရှိမယ်၊ အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ စီးပွားရေးကို လုပ်နိုင်ကိုင်နိုင်မယ်ဆိုရင် အဲဒီက ကိုယ့်အတွက် အကျိုးအမြတ်ချည်းပဲ။ ဒီက ထွက်လာ၊ ဖြတ်လာ သမျှတွေက အနည်းဆုံးတော့ ကိုယ်က အခွန်အကောက်တော့ရမှာပဲ။ for example အနေနဲ့ သီရိလင်္ကာ ဆိပ်ကမ်း ဆို တရုတ်ရဲ့ ချေးငွေ ယူပြီးဆောက်တယ်။ နောက်ဆုံး ပြန်မဆပ်နိုင်ဘူး။ နောက်ဆုံး အဲဒီဆိပ်ကမ်းကို နှစ် ၉၀ လားမသိဘူး တရုတ်လက်ကို ထိုးအပ်လိုက်ရတယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးကိုလည်း ရောက်သွားနိုင် တယ်။ နိုင်ငံ ခေါင်းဆောင်တဲ့လူရဲ့ အရည်အချင်းအပေါ်မှာ အများကြီး မူတည်တာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၂၀၁၉ ခုနှစ် တရုတ်ခရီးစဉ်မှာ တရုတ်သမ္မတ နဲ့ တွေ့ဆုံခဲ့စဉ်

နစကဥက္ကဌ၏ တရုတ်ခရီးစဉ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ်ဖြစ်သည်။

ထိုသို့ သွားရောက်ခြင်းသည် စစ်ရေးနှင့် နိုင်ငံရေးအတွက်သာမက စီးပွားရေးအရ ချေးငွေများရရှိရေးကို သွားရောက်ညှိနှိုင်းမည့် အနေအထားဖြစ်ကြောင်းလည်း စီးပွားရေးလေ့လာ သုံးသပ်သူများက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် တရုတ်၏အကျိုးအမြတ် များစွာရှိသောကြောင့် လက်ရှိ တရုတ်နှင့်မြန်မာ ဆက်ဆံရေး အနေ အထားအရ တရုတ်သည် နစကဘက်သို့ လူသိရှင်ကြား ပိုမိုကူညီ ထောက်ပံ့ပေးလာကြောင်း၊ အဆိုပါ အကျိုးအမြတ်များအပေါ် အခြေခံကာ ချေးငွေများ ထုတ်ချေးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

One Belt One Road (OBOR)လမ်းကြောင်းကို တွေ့ရစဉ်

၎င်းက “ဒါကတော့ အားလုံးသိပြီးသား ဓာတ်ငွေ့ပိုက်လိုင်းဟာတွေရှိမယ်။ ပိုးလမ်းမဆိုတဲ့ဟာတွေရှိမယ်။ တကယ် တမ်းတော့ တရုတ်က မြန်မာပြည်နဲ့ပတ်သက်ပြီးရင် သူ့အတွက် အကျိုးအမြတ်က အများကြီးရှိတယ်။ အများကြီး ရှိတဲ့အတွက်ကြောင့် လက်ရှိ နစကကို ပေါ်တင်နီးပါးဖြစ်သွားပါပြီ support လုပ်ပြီး ဆက်ဆံနေတယ်လို့ ထင်တယ်ပေါ့။ သူဘာတွေ ပြန်ပြီးပေးဆပ်ရမလဲဆိုတော့ ပိုးလမ်းမဆိုတဲ့ဟာတွေလုပ်ဖို့ သူကြိုးစားနေတယ်။ နောက် ဓာတ်ငွေ့ပိုက်လိုင်းရှိတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ထွက်မယ့် လမ်းကြောင်းရှိတယ်။ နောက် ယူနန် ကူမင်းကနေပြီးတော့မှ ဒီကိုလာမယ့် လမ်းတွေရှိတယ်။ ဥပမာ ရထားလမ်းဖောက်မယ်၊ ကားလမ်း ဖောက် မယ် something အဲဒီလိုမျိုးတွေရှိတယ်။ ဒီလိုမျိုး interest တွေက အများကြီးပဲ။ အဲဒီဟာတွေအပေါ်မှာ အခြေခံ ပြီးတော့မှ ဒေါ်လာ ဘယ်လောက်ဘီလျံ ချေးမယ်တို့ မက်လုံးပြန်ပေးတယ် သူတို့ဘက်ကနေပြီးတော့မှ” ဟု ပြော သည်။

ထို့အပြင် တရုတ်သည် အတိုင်းအတာ တစ်ခုအထိ မြန်မာနိုင်ငံအပေါ်၌ ဩဇာအာဏာ ရှိသည်ဆိုသောအချက်မှာ ငြင်း၍မရကြောင်းလည်း စီးပွားရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ပခရီးစဉ် အနေဖြင့် ရုရှားနိုင်ငံအား (၃)ကြိမ် သွားရောက် ထားပြီး ၂၀၂၂ ခုနှစ်က ခရီးစဉ်မှာတော့ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ ခရီးစဥ်သည် ဒုတိယမြောက် အဓိက မဟာမိတ်အင်အားကြီး နိုင်ငံတစ်ခုသို့ သွားရောက် မည့် ခရီးစဥ်တစ်ခု ဖြစ်လာရန်ရှိနေပြီး ၎င်းခရီးစဥ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သြဂုတ်လ ကတည်းကပင် စီစဥ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။