CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂၄

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် တာ့ခ်ဘိုင် အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု (Tak Bai Massacre) ဖြစ်စဉ်ကို တရားဥပဒေအရ အရေးယူရန် တောင်းဆိုမှုများ ထွက်ပေါ်နေကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ထိုအမှုကို တရားရေးအရ စီရင်ပိုင်ခွင့်ရှိသည့် ကာလသည် အောက်တိုဘာ ၂၅ ရက် ည ၁၂ နာရီတွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ထိုအမှုကို သက်တမ်းတိုးပြီး ဆက်လက် အမှုဖွင့်ထားရန် လူထုက တောင်းဆိုနေကြ ခြင်းဖြစ်သည်။

ထိုအမှုတွင် သံသယရှိသူ ၁၈ ဦးကို တရားဥပဒေအရ အရေးယူရန် တောင်းဆိုမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး သံသယတရားခံ အားလုံးသည် အစိုးရအရာရှိဟောင်းများနှင့် လက်ရှိ အစိုးရအရာရှိများ ဖြစ်နေ သည်။

ထိုအမှုကို ဆက်ဖွင့်ပြီး တရားစီရင်ရန် တောင်းဆိုသူများထဲတွင် အမှတ် ၄ ကြည်းတပ် အထူးဒေသ တပ်မှူး ဟောင်းဖြစ်ပြီး ဖြူးထိုင်းပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီး ပီဆယ်လ် ဝတ္တဏဝေါင်ကီရီ (Pisal Wattanawongkiri) လည်း ပါဝင်နေသည်။

ထိုအမှုတွင် သံသယရှိသူများကို တရားဥပဒေအရ အရေးမယူဘဲ တရားစီရင်ပိုင်ခွင့် သက်တမ်း ကုန်ဆုံးသွားမည့် အရေးကို လူထုက စိုးရိမ်နေကြခြင်းဖြစ်သည်။

တာ့ခ်ဘိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအရေးယူပေးရန် တောင်းဆိုနေကြစဉ်

ထိုအမှုကို သက်တမ်းတိုးမည့် အခြေအနေနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့အနေဖြင့် မှတ်ချက်ပေးရန် တောင်းဆိုမှု များကို ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ငြင်းဆိုခဲ့သည်။

ထိုအမှုကို ဆက်ဖွင့်မည် ဟုတ်/မဟုတ် သတင်းထောက်များက အောက်တိုဘာ ၂၃ ရက်တွင် ပေတုန်တန်ကို မေးမြန်းခဲ့ချိန်၌ ပေတုန်တန်က "ကျမ သွားရတော့မယ်" ဟု ဖြေကြားပြီး ထွက်ခွာသွားခဲ့သည်။

ထို့ကြောင့် ထိုအမှုကို သက်တမ်းတိုးမည့် ကိစ္စသည် ပေတုန်တန် အစိုးရအဖွဲ့အတွက် ကြီးမားသည့် ဖိအားတစ်ခု ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာရာချိုင်း (Phumtham Wechayachai) ကမူ အစိုးရ၏ တရားရေးအဖွဲ့ သည် ထိုအမှုကို သက်တမ်းတိုးရန် ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

တာ့ခ်ဘိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် လက်နက်ကိုင် သောင်းကျန်း မှုများ မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်သည် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က နာရာသီဝတ် (Narathiwat) ပြည်နယ် တာ့ခ်ဘိုင်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တာ့ခ်ဘိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအရေးယူပေးရန် တောင်းဆိုနေကြစဉ်

၂၀၀၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က တာ့ခ်ဘိုင်ရဲစခန်း အပြင်ဘက်တွင် လူပေါင်း ၁၅၀၀ ခန့် စုရုံးဆန္ဒပြခဲ့ကြ ပြီး ရဲစခန်း၌ ဖမ်းဆီးခံထားရသူ ၆ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် လူ ၇ ဦး သေဆုံးကာ လူပေါင်း ၁၃၀၀ ခန့် ဖမ်းဆီး ခံခဲ့ရသည်။

ထို့နောက် ဖမ်းဆီးခံထားရသူများကို ပတ္တနီ (Pattani) ပြည်နယ်ရှိ အင်ကာယွတ် စစ်စခန်း (Inkayut Army Camp) သို့ ထရပ်ကားများဖြင့် ပို့ဆောင်ခဲ့သည်။

ထိုစစ်စခန်းသို့ မောင်းနှင်ချိန်သည် ၅ နာရီ ကြာမြင့်ခဲ့ပြီး စစ်စခန်းသို့ ရောက်ရှိချိန်တွင် ထရပ်ကားများအတွင်း လိုက်ပါလာသူများထဲမှ ၇၈ ဦးသည် အသက်ရှု ကြပ်၍သေဆုံးခဲ့သည်ကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် ဆန္ဒပြချိန်တွင် ရဲတပ်ဖွဲ့၏ အင်အားသုံး ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၇ ဦး၊ ထရပ်ကားများထဲတွင် အသက်ရှုကြပ်သေဆုံးသူ ၇၈ ဦး၊ စုစုပေါင်း သေဆုံးသူ ၈၅ ဦးအထိရှိခဲ့ကာ တာ့ခ်ဘိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ခြင်းဖြစ်သည်။

Source: The Nation