CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄

ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံသော အနာဂတ်ပြည်ထောင်စုကို ဘယ်လိုပုံစံဖြင့် တည်ထောင်ကြမလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံ‌ရေး အကဲခတ်များကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။

ဖက်ဒရယ်ဒီမိုကရေစီသော်လည်းကောင်း၊ ဒီမိုကရေစီဖက်ဒရယ်သော်လည်းကောင်း ဖက်ဒရယ်နှင့် ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိနားလည်ရန် လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "ရှင်းရှင်းလေးပြောရရင် သူ့ဘာသူ ဖက်ဒရယ်ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဒီမိုကရေစီဖက်ဒရယ်ပဲဖြစ်ဖြစ် ကျနော်တို့ ဖက်ဒရယ်ရဲ့ အနှစ်သာရအပြည့်ရော၊ ဒီမိုကရေစီရဲ့ အနှစ်သာရအပြည့်‌ရော အဲဒါကို ကျနော်တို့ သေချာသိဖို့လိုတယ်၊ ဘယ်လိုပဲ အကောင်အထည်‌ ဖော်သည်ဖြစ်ပါစေ။ ခက်တာက ဖက်ဒရယ်သွားပြီးမှ ဒီမိုကရေစီလိုက်တာလား၊ ဒီမိုကရေစီသွားပြီးမှ ဖက်ဒရယ်လိုက်တာလား ဆိုတာထက် ဖက်ဒရယ်ရဲ့ အနှစ်သာ ရနှင့် ဒီမိုကရေစီရဲ့ အနှစ်သာရကို တကယ်တမ်း ကျင့်သုံးနိုင်ဖို့ ဘယ်လောက်ထိလိုလဲ၊ အဲဒါကို အဓိက Focus (အာရုံစိုက်)လုပ်သင့်တယ်လို့ မြင်တယ်။ ဆိုလိုတာက ဒီမိုကရေစီရဲ့ တန်ဖိုးကို ဘယ်လောက်နားလည်ထားလဲ၊ ဒီမိုကရေစီကို ဘယ်လိုသဘောပေါက်လဲ၊ ဖက်ဒရယ်ကိုရော ဘယ်လိုနားလည်လဲ၊ ဘယ်လိုခံယူထားလဲ၊ သူ့ရဲ့ အနှစ်သာရကိုရော တကယ်ကို ဆုပ်ကိုင်နိုင်ပြီလားပေါ့၊ အဲဒီအချက်က ပိုအရေးကြီးတယ်"ဟု ပြောသည်။

တိုင်းရင်းသား လူမျိုးပေါင်းစုံကို တွေ့ရစဥ်

ထို့ပြင် နိုင်ငံရေးသမားပီသ၍ မူဝါဒများနှင့် ပေါ်လစီများကို နားလည်သော လူငယ်များအား အစိတ်အပိုင်းလိုက် ထည့်သွင်းသွားရန်လိုကြောင်း ဦးသိန်းထွန်းဦးက ဆက်ပြောသည်။

၎င်းက "နိုင်ငံရေးသမား စစ်စစ်ဆိုတာ အဲလိုမျိုး နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားသော နိုင်ငံရေးပညာတွေ ယူထားသင့်တယ်၊ ခုနပြောတဲ့ သီအိုရီတွေ၊ မူဝါဒတွေ၊ ပေါ်လစီတွေ ဒါတွေအကုန်လုံးကို နားလည်ပြီး နှံ့စပ် ကျွမ်းကျင်တဲ့ လူငယ်တွေကို‌တော့ အစိတ်ပိုင်းလိုက် အစိတ်ပိုင်းလိုက် ထည့်သွင်းထားဖို့လိုတယ်။ တကယ့်ကို ပညာရှင်ဆန်ဆန် လူငယ်တွေ ထည့်သွင်းမယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေချောမွေ့တဲ့ လမ်းကြောင်းပေါ် ရောက်ပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ လူငယ်တွေက တစ်ချိန်ချိန်ကျရင် ခေတ်ကိုပြောင်းပြီး တာဝန် ထမ်း‌ဆောင်ရမှာကိုး"ဟု ပြောသည်။

ဒီမိုကရေစီလမ်းကြောင်းကို သွားလိုလျှင် ရွေးကောက်ပွဲလမ်းကြောင်း၊ လွှတ်တော်လမ်းကြောင်း၊ တွေ့ဆုံဆွေးနွေး မှု လမ်းကြောင်းများဖြင့် အဖြေရှာကြရမည်ဖြစ်ပြီး လက်နက်ကိုင် လမ်းကြောင်းဖြင့် အဖြေရှာပါက ပြည်တွင်း ပဋိပက္ခများ ပြီးဆုံးတော့မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ပြည်နယ်အားကောင်းရေးမူမှ ပြည်ထောင်စု အားကောင်းရေးမူဖြင့် သွားရန် သဘောတူညီချက် ၄ ချက်အား ချမှတ်နိုင်ခဲ့ကြောင်း KNU၊ KNPP နှင့် CNF အပါအဝင် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့ ၉ ဖွဲ့မှ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

NCA ထိုးထားတဲ့ အဖွဲ့တွေကိုတွေ့ရစဉ်

စစ်အာဏာရှင်စနစ်ဖြင့် နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာများ ချုပ်ကိုင်ထားသည့် စနစ်များမရှိစေရန်နှင့် တန်းတူညီမျှမှုရရှိစေရန် စစ်တပ်အား အနိုင်တိုက်ရန်လိုအပ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "ကျမ တစ်ယောက်ချင်း အမြင်ပေါ့နော်၊ ကျမ တစ်ယောက်ချင်း အမြင်ကတော့ စစ်တပ်ကို အရင်တိုက်ပဲ၊ စစ်ကောင်စီကိုပြီးအောင် စစ်တပ်ရဲ့ အာဏာရှင်စနစ်ကို ပြိုအောင်တိုက်ပြီးမှ ကျမတို့ အချင်းချင်းကြားမှာ ညှိလို့ရ မယ်။ အခု ခင်ဗျား တခြားဟာမကြည့်နဲ့နော်၊ ၁၀၂၇ အောင်ပြီးတဲ့အခါကျတော့၊ နိုင်ပြီးတဲ့ခါကျတော့ ကိုးကန့်ဒေသ မှာ အခုသူတို့ အုပ်ချုပ်ရေး တည်ထောင်နေတယ်။ အုပ်ချုပ်ရေး တည်ထောင်တာက လူတိုင်းလူတိုင်းကို အလုပ် လုပ်ခွင့် ပေးထားတယ်၊ လူတိုင်းလူတိုင်းကို အသက်မွေးဝမ်းကြောင်း ဖွင့်ထားပေးတယ်။ ပြီးနေတာပဲလေ ခင်ဗျား၊ လူတိုင်းကဘာလို့ ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ ပြောနေလဲဆိုတော့ တန်းတူညီမျှမှုမရလို့ဗျ၊ အစားအသောက် လုံလောက်အောင် မစားရလို့၊ ဆင်းရဲလို့‌ပြောကြတာ။ ဒီစစ်ကောင်စီကိုသာ ကျမတို့ ဖယ်ရှားပြီးရင် ကျမတို့ နေထိုင် စားသောက်ရေးကို ဖြေရှင်းနိုင်တယ်။ အဲလိုဖြေရှင်းနိုင်ရန် တန်းတူရေးတို့၊ ဘာတို့က တဖြည်းဖြည်း ဖြစ်လာမှာပဲ"ဟု ပြောသည်။

အနာဂတ် မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗမာမဟုတ်သော တိုင်းရင်းသား အင်အားစုများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် သဘောထားရှိနေသလို မြန်မာ့တပ်မတော်၊ NLD၊ USDP တို့ကတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား တည်ထောင်ရန် သဘော ထားရှိကြသည်။

သို့သော် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု သဘောတူ ပြဌာန်းထားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရှိစေမည်ဖြစ်ကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က ၇၅ နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။