CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁

မိမိတို့သည် အားလုံးပါဝင်ရေးမူကို ကိုင်စွဲသလို စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြုထားသော်လည်း လက်တွေ့ကျကျ မလုပ်နိုင်သည်များ ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က ကျင်းပသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် (၂)နှစ်ပြည့် အခမ်းအနားမှာ မိန့်ခွန်းပြောစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒူဝါလရှီးလက “ ကျနော်တို့ဟာ အားလုံးပါဝင်ရေးမူကို ကိုင်စွဲသလို၊ စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြုထားပါတယ်။ ဒီနေရာမှာ လက်တွေ့ကျကျ မလုပ်နိုင်တာတွေနဲ့ အကန့်အသတ်တွေ ရှိနေတယ်ဆို တာလည်း သတိချပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အကန့်အသတ်တွေ ရှိနေပါစေ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ စုဖွဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင် ခြင်းဟာ အောင်မြင်မှု တစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်”ဟု ပြောသည်။

ထို့နောက် နွေဦးတော်လှန်ရေးသည် လူထု၏ လွတ်လပ်ခွင့်နှင့် အကျိုးစီးပွားကို အခြေခံ၍ ပေါ်ထွက်လာသည့် လူထုတော်လှန်ရေးကြီးဖြစ်ကြောင်း၊ အုပ်စု အကျိုးစီးပွားများနှင့် ဖြစ်ပေါ်လာသည့် တော်လှန်ရေးမဟုတ်ဘူးဆို သည်ကို ပြတ်ပြတ်သားသား နားလည်ထားကြရန် လိုပါကြောင်း ၎င်းက ပြောသည်။

NUCC ကိုတွေ့ရစဉ်

ဒူဝါလရှီးလက “ အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ ကျနော်တို့ဟာ တိုက်ပွဲဝင်နေခြင်း ဖြစ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်း ဖြစ်ပါ တယ်။ ဒါကြောင့်လည်း အင်မတန် ကျယ်ပြန့်သော / အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ရာမှာ မိမိတို့ အားလုံးသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ အခြေခံမူများကို ဗဟိုပြုပြီး ခေါင်းဆောင်မှု ပြုကြပါဟု အထူး တိုက်တွန်းလိုပါကြောင်း NUG ၏ ယာယီသမ္မတက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှု ကို မဖြေ ရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ မြန်မာ့တပ်မတော် က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် လူထု ဆန္ဒပြမှုများ ပေါ်ပေါက်လာကာ နွေဦးတော်လှန်ရေး လက်နက်ကိုင် ပဋိပက္ခများလည်း ပေါ် ပေါက်လာခဲ့သည်။