CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

စစ်ပွဲ ကြာရှည်လာလေလေ အောက်ခြေပြည်သူလူထုက ပိုပြီး အထိနာလေလေဖြစ်တတ်သည်ဟု အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့က ကျင်းပသည့် NUG ၏ ၇၀ ကြိမ်မြောက် အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။

ဒူဝါလရှီးလက “စစ်ပွဲ ကြာရှည်လာလေလေ အောက်ခြေပြည်သူလူထုက ပိုပြီး အထိနာလေလေ ဖြစ်တတ်ပါ သည်။ ထို့ကြောင့် ခုခံတော်လှန်စစ်၏ ပွဲသိမ်းအောင်ပွဲကို အလျင်အမြန် ဆင်နွှဲကြရန် တုံ့ဆိုင်းနေလို့ မရပါ။ ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း သိစေအပ်ပါသည်။ သက်ဆိုင်ရာ လူမျိုးစုမဟာမိတ်အဖွဲ့အစည်း များအားလုံးလည်း သိမှတ်စေရန် လိုပါသည်။ လက်နက်ကိုင် တော်လှန်ရေးသည် အကဲဆတ်သောကြောင့် အချိန်ကာလတိုအတွင်းမှာ တဆစ်ချိုး အပြောင်းအလဲများ ရုတ်တရက် ချိုးကွေ့ပြောင်းလဲတတ်သည်ကိုလည်း သတိချပ်ရန် လိုပါသည်။ စစ်ကောင်စီအား တော်လှန်ဖယ်ရှားနိုင်ရန် အချိန်ကာလသည် အထူးအရေးကြီးပြီး တော်လှန်ရေးအင်အားစုများနှင့် လက်တွဲချိတ်ဆက်မှုများ တိုးမြှင့်နိုင်ရန် နှစ်ပေါင်းများစွာ အာဏာရှင်များ၏ သွေးထိုး အုပ်ချုပ်မှုများ၊ လူမျိုးကြီးဝါဒ လွှမ်းမိုးမှုများကြောင့် ပျက်သုန်းခဲ့ရသည့် ယုံကြည်မှုများ ဆက်လက် တည်ဆောက်ပြီး ပိုမိုလက်တွဲခိုင်မာလာနိုင်ရန် အားလုံးဝန်းဝိုင်း ကြိုးစားကြ”ဟု ပြောသည်။

NUG ၏ PDF စုဖွဲ့မှု ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

NUG သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင် ခုခံ တော်လှန်စစ် (D Day)စတင်ကြောင်း ကြေညာခဲ့သည်မှာ ယခု တစ်နှစ်ကျော်ကြာရှိလာပြီ ဖြစ်သည်။

အဆိုပါ တစ်နှစ်ကျော်အတွင်းမှာ NUG သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PD) တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ PDF များကို ဖွဲ့စည်းလည်ပတ် နေကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ် မပြည့်သေးခင် ကာလ အတွင်းမှာ NUG အနေဖြင့် စစ်ရေးမဟာမိတ် စုဖွဲ့မှု အားကောင်းလာကြောင်း ပြောသည်။

NUG ၏ ၇၀ ကြိမ်မြောက် အစည်းအဝေးကို တွေ့ရစဉ်

၎င်းက “တော်လှန်သော လူမျိုးစုလက်နက်ကိုင်အ ဖွဲ့အစည်းအားလုံးမှာ မဟာမိတ်စုဖွဲ့မှုအတွင်း၊ စစ်အာဏာ ရှင် ဆန့်ကျင်မှုအတွက် ထက်ထက်သန်သန် ပါဝင်လာခြင်းအား အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ နွေဦးတော်လှန်ရေး လှုပ်ရှားမှုအတွင်းတွင် နိုင်ငံရေး ပဋိညာဉ်တစ်ခု ကျစ်ကျစ်လစ်လစ် ပေါ်ထွက်လာရေးကိုလည်း အာရုံစိုက်ကြဖို့လိုပါသည်။ အုပ်စုအကျိုးစီးပွား ထက် လူထုအကျိုးစီးပွားအပေါ် အခြေခံသည့် နိုင်ငံရေးပဋိညာဉ်နှင့် နိုင်ငံရေး မူဝါဒများ ဖြစ်ဖို့လည်း လိုပါသည် “ဟု ပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် တို့တွင် မြန်မာ့တပ်မတော်နှင့် PDF၊ ဒေသကာကွယ်ရေးတပ်(LDF)၊ တိုင်းရင်းသား လက်နက်ကိုင်များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ သိန်းနှင့်ချီရှိသလို နေအိမ်ပေါင်း သောင်း နှင့်ချီ မီးလောင် ပျက်စီးလျက်ရှိသည်။